DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြလာစေရန် စစ်အာဏာရှင်ကို အမေရိကန် ဖိအားပေးရေး NUG တိုက်တွန်း
DVB
·
July 25, 2026
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြလာစေရန် စစ်အာဏာရှင်ကို အမေရိကန် ဖိအားပေးရေး NUG တိုက်တွန်း
1 / 9
Photo : သုတချမ်းသာ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေကြောင်း သက်သေပြ လာအောင် အမေရိကန်က စစ်အာဏာရှင်ကိုဖိအားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းလိုက်ပါတယ်။ 

ဒေသစံတော်ချိန် ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ အောက်လွှတ်တော်ရုံး Rayburn House Office Building မှာပြုလုပ်ခဲ့တဲ့ Burma Research Institute ကစီစဉ်တဲ့ ရှင်းလင်းပွဲမှာ ဒေါ်ဇင်မာအောင်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးသမားတွေ၊ မြန်မာ့အရေးဆောင်ရွက်သူတွေက မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးမြန်းရာမှာ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြန်လည်ရှင်းလင်းဖြေဆိုခဲ့တာ တွေ့ရ ပါတယ်။

ဒေါ်ဇင်မာအောင်က “အမေရိကန်အစိုးရအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို အာရုံစိုက်လာအောင်လို့ ကျမတို့ ပြောဖို့ရှိတယ်။ ပြောလည်း ပြောခဲ့ပြီးပြီပေါ့နော်။ အခုဆို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘူး။ သူ့ရဲ့သားနဲ့တောင် တွေ့ခွင့် မရ တာဟာ တကယ့်ကို အခြေခံအကျဉ်းသားအခွင့်အရေးကို ချိုးဖောက်ခံနေရတဲ့ အခြေအနေ ဖြစ်တယ်။ ဒါတွေကို အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့လိုတယ်။ ဒီအခြေအနေကနေ လွတ်မြောက်အောင်လုပ်ဖို့။ ထို့အတူပဲ ဒေါ်အောင်ဆန်းစုကြည်က သတင်းအချက်အလက် မရတဲ့အခါကြတော့ သူ့ရဲ့အခြေအနေ သူ့ရဲ့ကျန်းမာရေး သူ့ရဲ့သက်ရှိထင်ရှား ရှိမှု၊ မရှိမှုဆိုတာကအစ ကျမတို့မှာ အတည်ပြုဖို့ခက်ခဲနေတဲ့အခြေအနေဖြစ်တယ်”လို့ ပြောပါတယ်။

အောက်လွှတ်တော်ရှင်းလင်းပွဲမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကျိုးစီးပွားတွေ၊ ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေပြဿနာ၊ အရှေ့တောင်အာရှ ဒေသတွင်း တည်ငြိမ်မှု နဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကိုပြန်တုံ့ပြန်နိုင်ရေး၊ မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေ၊ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအရေး စတာတွေကို ဒေါ်ဇင်မာအောင်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။ 

မြန်မာပြည်တွင်း ပြဿနာအားလုံးရဲ့ဇာစ်မြစ်ဟာ မြန်မာစစ်တပ်ရဲ့လက်ချက်ကြောင့်ဖြစ်ပြီး တိုင်းရင်းသားအင်အားစုတွေနဲ့ NUG တို့ ချိတ်ဆက်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF နဲ့ ထိတွေ့ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအတွက် အကျိုးရှိစေနိုင်မဲ့ အချက်တွေကိုလည်း အသိပေးခဲ့ပါတယ်။

Burma Research Institute က ဇိုသုန်းမှုန် “ကျနော်တို့ရဲ့ခေါင်းစဉ်မှာဖော်ပြသလို အမေရိကန်အစိုးရအနေနဲ့ ကျနော်တို့မြန်မာနိုင်ငံမှာ အကျိုးစီးပွားရှိတယ်ဆိုတာ ထောက်ပြတယ်။ ဥပမာဆိုရင် ကျားဖြန့်ကိစ္စ၊ တော်တော်လေး US ကို ထိခိုက်လာပြီ၊ ခြိမ်းခြောက်တယ်။ အဲဒါကို ကျနော်တို့ မီးမောင်းထိုးပြချင်ပါတယ်။ အခုက ကျနော်တို့ရဲ့ ဒီမိုကရေစီအရေး တခုတည်း မဟုတ်ဘူး၊ ကျနော်တို့ရဲ့ လူ့အခွင့်အရေးတခုတည်းမဟုတ်ဘူး၊ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ စစ်အစိုးရက US အကျိုးစီးပွားကို ခြိမ်းခြောက်နေတယ်။ ဒါကြောင့် US လွှတ်တော်နဲ့အစိုးရက ပိုပြီးတော့ ပါဝင်သင့်တယ်ဆိုတာကို ကျနော်တို့ မီးမောင်းထိုး ပြချင်ပါတယ်”

အမေရိကန်ပြည်ထောင်စုက စစ်အာဏာရှင်ကို အရေးယူဖို့ ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ Burma Act၊ BRAVE Burma Act ဥပဒေကြမ်းတို့ အမြန်အသက်ဝင် အကောင်အထည်ဖော်ရေးကို လွှတ်တော်ကနေတဆင့် အစိုးရဆီသတင်းစကားရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ချဉ်းကပ်တိုက်တွန်းနေတာပါ။

အမေရိကန်ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုအရေးယူမဲ့ ဥပဒေကြမ်း၊ Burma GAP  Act နဲ့ No New Burma Funds Act တွေကိုလည်း လွှတ်တော်မှာ တင်သွင်းထားပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်က “အမေရိကန်အစိုးရမှာတော့ ကိစ္စရပ်တွေ အများကြီးရှိတာပေါ့နော်။ ကမ္ဘာ့ပြဿနာတွေလည်း အများကြီးရှိနေတယ်။ ဒါပေမဲ့ ကံကောင်းတာ က မြန်မာ့အရေးကိုစိတ်ဝင်စားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေသေးတယ်။ ဒီမိုကရေစီစနစ် မှာတော့ လွှတ်တော်နဲ့အစိုးရဆိုတာ ဒီလိုပဲ အပြန်အလှန်ထိန်းကျောင်းပြီး သွားကြရတာ ဖြစ်တဲ့ အတွက် ဒီစနစ်ရဲ့ပေးထားချက်၊ ဒီစနစ်ရဲ့အခွင့်အရေးတွေကို ကျမတို့ ကောင်းကောင်းယူပြီးတော့ ကျမတို့တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက်၊ အကျိုးအမြတ်ရှိအောင်တော့ ဆောင်ရွက်ဖို့လိုတယ်။ ဒီလိုမျိုး လွှတ်တော်ရှင်းလင်းပွဲတွေဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းဆောင်ရွက် မှု မရှိရင် မရဘူးပေါ့။ ဒီအတွက်လည်း ကျေးဇူးတင်ရတယ်။ ထို့အတူပဲ ဒီအမေရိကန်မှာရှိတဲ့ မြန်မာအစုအဖွဲ့တွေ၊ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားတွေအနေနဲ့ဆိုရင်လည်း သူတို့မှာ အခွင့်အရေးတွေရှိတယ်။ သူတို့ရဲ့ လွှတ်တော် ကိုယ်စာလှယ်တွေကို စည်းရုံးတိုက်တွန်းတာတွေ ဒီဟာတွေ ကျမတို့ မြန်မာအသိုက်အဝန်းက လုပ်နေတာတွေ့ရပါတယ်။ ဒါတွေကိုပေါင်းစပ်ပြီးတော့ ကျမ ဒီမှာ မြန်မာ့အရေးကို အာရုံစိုက်ခံရတာရဖို့ ပိုပြီးတော့ အားကောင်းစေမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာပြည်နယ်စပ် အွန်လိုင်းငွေလိမ်ကွန်ရက်တွေကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အမေရိကန် နိုင်ငံသားတွေ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံအထိ ဆုံးရှုံးခဲ့ပြီး ၂၀၂၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းအထိ အလိမ်ခံရတဲ့ငွေကြေးပမာဏပို များလာတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မိုက်ကယ် ဒီဆွမ်ဘရေးက ဇွန် ၂၅ ရက်နေ့ အောက်လွှတ်တော်ကြားနာပွဲမှာ ပြောပါတယ်။ 

အမေရိကန်အောက်လွှတ်တော် အရှေ့အာရှနဲ့ပစိဖိတ်ရေးရာဆပ်ကော်မတီက ပြုလုပ်တဲ့ အရှေ့အာရှ နဲ့ပစိဖိတ်ဒေသမှာ အမေရိကန်ပထမမူဝါဒကို အကောင်အထည်ဖော်ခြင်း ကြားနာပွဲမှာ ဒီဆွမ်ဘရေး က မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေအဆုံးသတ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ လည်း အတည်ပြုပြောပါတယ်။ 

အရှေ့အာရှနဲ့ပစိဖိတ်ဒေသတွင်းမှာ တရုတ်အစိုးရက ပွင့်လင်းမြင်သာမှုမရှိဘဲ စစ်အင်အား ချဲ့ထွင် နေတာတွေကို တန်ပြန်ဖို့ အမေရိကန်အစိုးရက ကြိုးစားရာမှာ ပထဝီအနေအထားအရ မြန်မာနိုင်ငံ ဟာ အရေးပါတဲ့နေရာမှာ ရှိနေတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013