
မြန်မာ့အရေး လေ့လာသုံးသပ်မှု နိုင်ငံတကာညီလာခံ (ICBMS5) ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ၃ ရက်တာ ကျင်းပခဲ့တာမှာ ဩဂုတ် ၁၆ ရက်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒေသတွင်း ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ပြဿနာတွေနဲ့ ရှုပ်ထွေးပွေလီလှတဲ့ ပထဝီနိုင်ငံရေး စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ICBMS5 ဟာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုနဲ့ အောက်ခြေက စတင်တဲ့ ဖြေရှင်းနည်းတွေအတွက် အသုံးဝင်တဲ့ နေရာတခုအဖြစ် ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ညီလာခံ ဖြစ်မြောက်ရေး ကော်မတီက ဆိုပါတယ်။
အကျပ်အတည်းနဲ့ ဖြစ်တန်ခြေကြားက မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် အသံများဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ ဒီညီလာခံကိုတော့ သုတေသီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလားရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ဒေသတွင်း အုပ်ချုပ်ရေး ပုံစံတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။
ICBMS5 ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ချယန်း ဝဒ်ဓနဖုတိက“ဒီညီလာခံရဲ့ ခေါင်းစဉ်အဓိပ္ပာယ်က အကျပ်အတည်းနဲ့ စိတ်ကူးပုံဖော်မှုတွေကြားမှာ မြန်မာပြည်သူတွေအတွက် ကျင့်ဝတ်နဲ့ နိုင်ငံရေးဆိုင်ရာ စည်းလုံးညီညွတ်မှု ဒါမှမဟုတ် အသိုက်အဝန်းသစ်တွေကို ပြန်လည်ပုံဖော်နိုင်ဖို့ လူတွေကို ဘယ်လိုစုစည်းစေမလဲ ဆိုတာပါပဲ။ ဒါကို စစ်တပ်ရဲ့ အင်အားကို အနိုင်ယူဖို့ အကြမ်းဖက်တာ ဒါမှမဟုတ် လက်နက်အားကိုးတာတွေ လုပ်လို့မရပါဘူး။ ဒေသခံ ပြည်သူတွေအကြား ဘုံသဘောတူညီချက် တည်ဆောက်ပြီး သူတို့ကိုယ်တိုင် စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲနိုင်အောင် တည်ဆောက်ခွင့်ပေးခြင်းနဲ့ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ပဉ္စမအကြိမ်မြောက် ကျင်းပတဲ့ မြန်မာ့အရေးလေ့လာတဲ့ ဒီညီလာခံဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ဖို့ စာရင်းပေးသွင်းသူ ၁,၂၁၇ ယောက် ရှိခဲ့ပေမဲ့ တက်ရောက်သူ ၉၈၉ ယောက် ရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ စုရိချိုင်ဝန်ဂဲအိုကတော့ “ဒီညီလာခံကို တက်ရောက်သူတွေ ၉၀၀ ကျော် ရှိပါတယ်။ ဒါဟာ သိပ်ကို တက်တက်ကြွကြွနဲ့ ပါဝင်နေတဲ့သူတွေ ရှိတယ်ဆိုတာ ဖော်ပြနေတာပါ။ သူတို့ဟာ ပညာရေးမှာရော နည်းလမ်းသစ်တွေရှာဖွေတဲ့ နေရာမှာရော လုပ်နိုင်သမျှ အကုန်လုပ်ဆောင်ပြီး အကောင်အထည်ဖော်နေကြတာပါ။ ပါဝင်ဆွေးနွေးကြတဲ့ မျိုးဆက်သစ်တွေရဲ့ ဒီစွမ်းအင်တွေနဲ့ စုံလင်ကွဲပြားတဲ့ ခေါင်းစဉ်တွေက အနာဂတ်အတွက် အလားအလာတွေ အများကြီး ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။” လို့ ဆိုပါတယ်။
ညီလာခံအတွင်း စာတမ်းဖတ်ပွဲ၊ ဆွေးနွေးတင်ပြမှု ၈၁ ခု၊ မျက်နှာစုံညီ ဆွေးနွေးပွဲ ၄ ခု၊ မှတ်တမ်းရုပ်ရှင် ပြသမှုတွေနဲ့ ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲစတာတွေမှာ ပူးပေါင်းပါဝင်ဆွေးနွေးခဲ့သူကတော့ ၃၇၆ ယောက်ရှိတယ်လို့လည်း သိရပါတယ်။
နောက်ထပ် ၂ နှစ်အကြာမှာ ကျင်းပမဲ့ ICBMS6 အတွက် ပြင်ဆင်မှုတွေကိုလည်း စတင်နေပြီဖြစ်ကြောင်းနဲ့ ဆဋ္ဌမကြိမ်မြောက် ညီလာခံမှာ ဒေသတွင်း စီးပွားရေး ရပ်တည်ရှင်သန်နိုင်မှုနဲ့ နယ်စပ်ဖြတ်ကျော် သုတေသန ကွန်ရက်တွေအပေါ် ပိုမိုအာရုံစိုက်သွားမယ်လို့လည်း ပွဲစီစဉ်သူတွေက အတည်ပြုပါတယ်။
ICBMS5 ညီလာခံပိတ်ပွဲအခမ်းအနားမှာတော့ အာရှ-ပစိဖိတ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း တခုဖြစ်တဲ့ Asia Justice and Rights (AJAR) က စီစဉ်တင်ဆက်တဲ့ လမ်းဆုံဆိုတဲ့ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီဖျော်ဖြေပွဲမှာ AJAR ဥက္ကဋ္ဌ ပက်ထရစ်ခ် ဘားဂျက်စ်နဲ့အတူ မြန်မာအဆိုတော်တွေဖြစ်ကြတဲ့ ရွှေ၊ Shu Shu၊ Broody’s နဲ့ မူရှီ တို့က ဖျော်ဖြေခဲ့ကြပါတယ်။
Photo: DVB











