
ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်မှာ လိုင်စင်သက်တမ်းတိုးတဲ့ ဆိုင်ကယ်တွေအနေနဲ့ ဘေးတွဲအဖြစ် တပ်ဆင် အသုံးမပြုကြောင်း ဝန်ခံကတိလက်မှတ် ထိုးရတယ်လို့ လိုင်စင်သက်တမ်းတိုးခဲ့သူတွေ ဆီကနေ သိရပါတယ်။
သန်လျင်၊ ကျောက်တန်း၊ သုံးခွနဲ့ ခရမ်းမြို့နယ်က လိုင်စင်သက်တမ်းလာတိုးတဲ့ ဆိုင်ကယ်တွေမှန်သမျှကို သန်လျင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးတဲ့ ဝန်ခံကတိဖောင်မှာ လက်မှတ်ထိုးခိုင်းတာလို့ လိုင်စင်သက်တမ်းတိုးခဲ့သူတယောက်က ပြောပါတယ်။
"လိုင်စင်ဘီးတွေကို ဘေးတွဲမလုပ်ဖို့ ခံဝန်ထိုးခိုင်းတာပါ။ ခံဝန်ထိုးပြီးမှ ဘေးတွဲဆိုင်ကယ်အဖြစ် ဖမ်းမိရင် ထောင်ဒဏ်ရော၊ ငွေဒဏ်ရော အမိန့်ချမယ်လို့ ရေးထားတယ်။”
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဝန်ခံကတိစာရွက်ထဲမှာတော့ အဲဒီတားမြစ်ချက်ကို မလိုက်နာရင် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ နဲ့ ၉၆ အရ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဘေးတွဲဆိုင်ကယ်တွေကို လိုင်စင်ထုတ်မပေးဘူးဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်မှာ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးပြီး ငွေသိန်းနဲ့ချီ ဒဏ်ရိုက်နေတယ်လို့ ဘေးတွဲမောင်းနှင်သူတယောက်က ပြောပြပါတယ်။
"အရှေ့ဒဂုံနဲ့ တောင်ဒဂုံမှာ ဘေးတွဲဖမ်းမိရင် အနည်းဆုံး ၃ သိန်းခွဲ၊ ၄ သိန်းလောက်ကုန်မှ ဘေးတွဲပြန်ရတယ်။ ဖမ်းတဲ့အဖွဲ့က စုံနေတာပဲ။ အခြေအနေမကောင်းရင် ဘေးတွဲကိုဖြုတ်ပြီး ဆိုင်ကယ်ကယ်ရီပဲ ပြန်ဆွဲဖို့ စဉ်းစားနေတယ်။”
ဇွန် ၂၂ ရက်က စစ်အဏာရှင်ဩဇာခံ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘေးတွဲယာဉ်နဲ့ ယာဉ်မောင်းတွေကို တရားဝင်လိုင်စင် ထုတ်ပေးပြီး စနစ်တကျ သွားလာခွင့်ပြုဖို့ မေးမြန်းခဲ့ပါသေးတယ်။
ဒါပေမဲ့ စစ်အာဏာရှင်ခန့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ် ၈၀,၀၀၀ ကျော်ကို တရားဝင်မှတ်ပုံတင်ပေးလို့ မရကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
ရန်ကုန်မှာ မင်္ဂလာဒုံ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ သန်လျင်ခရိုင်မြို့တွေ အပါအဝင် နေရာအများစုမှာ လူနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် ဘေးတွဲဆိုင်ကယ်တွေကို အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။










