
အိန္ဒိယနိုင်ငံမြို့တော် ဒေလီက အာဏာပိုင်တွေဟာ အစာငတ်ခံဆန္ဒပြနေတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချပ်ကို တရားရုံးရဲ့ အမိန့်နဲ့ ဆေးရုံဆီကိုရွှေ့ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။
ကျန်းမာရေး အားနည်းလာချိန်မှာ အတင်းအကြပ်ကျွေးမွေးဖို့ တောင်းဆိုတဲ့ အသနားခံစာတစောင်ကို တုံ့ပြန်တဲ့အနေနဲ့ သူ့ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်ရင် ဝင်စွက်ဖက်ဖို့ ဒေလီအထက်တရားရုံးက အာဏာပိုင်တွေကို ဇူလိုင် ၁၆ရက်မှာ တောင်းဆိုခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ် ဝမ်ချပ်ခ်ဟာ မေလတုန်းက ကျောင်းသားသန်းပေါင်းများစွာကို ထိခိုက်စေခဲ့တဲ့ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားမှုကြောင့် ပညာရေးဝန်ကြီး ဓမန်ဒရာ ပရာဒန် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ အိန္ဒိယလူငယ်တွေဦးစီးတဲ့ ပိုးဟပ်ဂျန်ဒါပါတီ (CJP)နဲ့ သွေးစည်းတဲ့အနေနဲ့ ဇွန် ၂၈ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတာပါ။ အခုတော့ သူ့ကို ဒေလီက ဆက်ဖ်ဒါဂျွန်ဆေးရုံဆီ ပြောင်းရွှေ့ထားပါတယ်။
လက်ရှိမှာ သူ့အခြေအနေက တည်ငြိမ်နေပေမဲ့ ခန္ဓာကိုယ် အတိုင်းအတာတွေကို ပြန်ကောင်းစေဖို့ စဉ်ဆက်မပြတ် စောင့်ကြည့် ကုသပေးဖို့လိုတယ်လို့ ဆေးရုံက X လူမှုကွန်ရက်ပေါ်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
CJP ကို တည်ထောင်သူ အဘီဂျစ် ဒီးပ်ကီက ရဲတွေဟာ သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး ဆန္ဒပြရာနေရာဆီ ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။
CJP ပါတီက ဆန္ဒပြသူတွေဟာ မိုးရာသီအစည်းအဝေး စတင်တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ အိန္ဒိယလွှတ်တော်ဆီ ချီတက်ပြီး ပညာရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ဖို့နဲ့ စာမေးပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုမယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters











