
အီတလီနိုင်ငံ တပ်စ်ကန်နီဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် မေ ၁ ရက်မှာ လူပေါင်း ၃,၀၀၀ လောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရပြီး မီးသတ်သမားတွေဟာ တောမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားနေကြပေမဲ့ လေပြင်းတိုက်နေတာကြောင့် အခက်တွေ့နေရပါတယ်။
ဧပြီ ၂၈ ရက်ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ ဒီတောမီးဟာ လူကာနဲ့ ပီဆာခရိုင်ကြားက ဖှေးတာ တောင်ပေါ်မှာ ဟက်တာ ၈၀၀ ကျော်အထိ ပျံ့နှံ့သွားပြီလို့ အိမ်နီးချင်း ဆန်ဂျူလီယာနို တာရ်မေမြို့ရဲ့ မြို့တော်ဝန်က ပြောပါတယ်။
ညဘက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် မီးက ပိုအားကောင်းလာတာလို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို လူတွေကို ရွှေ့ပြောင်းခိုင်းရတာဖြစ်ကြောင်း တပ်စကန်နီဒေသ အုပ်ချုပ်ရေးမှူး ယူဂျန်းနီးယို ဂျားနီက ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောပါတယ်။
မီးကို ငြှိမ်းသတ်နိုင်ဖို့ မီးသတ်လေယာဉ် ၃ စီးကို အသုံးပြုထားပြီး မြေပြင်က မီးသတ်ဝန်ထမ်းတွေကို ကူညီပံ့ပိုးပေးနေတယ်လို့ အမျိုးသားမီးသတ်ဌာနက X ပေါ်မှာ ဖော်ပြထားပါတယ်။
Source: Reuters










