၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (B) ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနဲ့ ကာတာအသင်းတို့ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ရှိ ဘီစီပလေ့စ်အားကစားကွင်းမှာ ဒေသအချိန် ဇွန် ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ကနေဒါအသင်းက (၆-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။
ကနေဒါအသင်းဟာ ဂျိုနသန်ဒေးဗစ်ရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ ကစားသမား ၉ ယောက်ပဲကျန်တော့တဲ့ ကာတာကို ၆ ဂိုး ပြတ်နိုင်ပြီး သမိုင်းတလျှောက် ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲရခဲ့သလို ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တက်ဖို့ အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိသွားပါတယ်။
ဒီပွဲ ပွဲချိန် ပထမပိုင်း ၁၆ မိနစ်မှာ ကိုင်လ်လာရင်က ပိတ်သွင်းကာ အဖွင့်ဂိုးကို ရယူပေးခဲ့ပြီးနောက် ပွဲချိန် ၂၉ မိနစ်မှာ ဂျိုနသန် ဒေးဗစ်က ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၃၃ မိနစ်တွင် ကာတာအသင်းမှ ဟိုမမ် အယ်လ်အမင်က တာဂျွန် ဘူးခန်နန်ကို ဖျက်ထုတ်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရကာ ပထမပိုင်း ၄၅ မိနစ်အပြီး နာကျင်အချိန်ပိုမှာ ဒေးဗစ်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့လို့ ကနေဒါအသင်း ပထမပိုင်းမှာပဲ ၃ ဂိုးပြတ်နဲ့ အနိုင်ရနေပါတယ်။
ဒုတိယပိုင်းပြန်စလို့ ပွဲချိန် ၅၃ မိနစ်မှာ ကနေဒါအသင်းက ၃ ဂိုးနဲ့ ဦးဆောင်နေပြီး လူအင်အားလည်း အသာစီးရနေချိန်မှာ ကာတာကစားသမား အာဆင်အိုမာ မာဒီဘိုနဲ့ ဘောလုံးလုရင်း ကနေဒါ ကွင်းလယ်လူ အစ္စမေးလ်ကုန်းနီ ထိခိုက်ဒဏ်ရာရခဲ့လို့ ပွဲခဏရပ်နားခဲ့ရပြီး ကွင်းပြင်သို့ ထမ်းစင်နဲ့ ထုတ်ခဲ့ရပါတယ်။
မာဒီဘိုကိုတော့ ကနဦး အဝါကတ်ပြသခဲ့ပေမဲ့ VARနဲ့ စစ်ဆေးပြီးနောက် အနီကတ်အဖြစ် တိုးမြှင့်ပြသခဲ့တာကြောင့် ကာတာအသင်း ၉ ယောက်ထဲနဲ့ ဆက်ကစားခဲ့ရပါတယ်။
ပွဲချိန် ၆၃ မိနစ်မှာတော့ နာသန် ဆာလီဘာက ပြစ်ဒဏ်ဘောကတဆင့် အလန်းစား ကန်သွင်းကာ စတုတ္ထမြောက်ဂိုးကို သွင်းပေးခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ် ပွဲပြီးခါနီး ၁၅ မိနစ်အလိုမှာတော့ ဂျေကော့ ရှက်ဖဲလ်ဘတ်ရဲ့ကန်ချက်ကို ကာတာကစားသမား မိုဟာမက် အယ်လ်မန်နိုင်းက ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသဖြင့် ကနေဒါတို့ ပဉ္စမဂိုး ရရှိခဲ့ပါတယ်။
ပွဲပြီးလုနီး နာကျင်အချိန်ပိုမှာ ဒေးဗစ်က ဘူးခန်နန်ရဲ့ ပေးပို့မှုကို အမိအရရယူကာ ကာတာဂိုးသမား မာမုဒ် အာဘူနာဒါကို ကျော်ဖြတ်ပြီး သူ့ရဲ့ ဟက်ထရစ်ဂိုးကို အဆုံးသတ် သွင်းယူခဲ့ပါတယ်။
၆ ဂိုးပြတ်ဖြင့် နိုင်ပွဲရရှိခဲ့လို့ ကနေဒါအသင်းဟာ အုပ်စု (B) မှာ ဆွစ်ဇာလန်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက် ၃ ဂိုးအသာနဲ့ ထိပ်ဆုံးတွင် ရပ်တည်နေပါတယ်။
ကနေဒါအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန် ၂၄ ရက်မှာ ဆွစ်ဇာလန်အသင်းနဲ့ ဗန်ကူးဗားမြို့မှာပဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကာတာအသင်းကတော့ ဆီရယ်တဲလ်မြို့မှာ ဘော့စနီးယားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source: SkySports/ BBC










