DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား အလှမယ်ပြိုင်ပွဲဝင် ကယားအလှမယ် နှင်းအိလွင်နှင့် မေးမြန်းချက်
DVB
·
January 25, 2019
တိုင်းရင်းသား အလှမယ်ပြိုင်ပွဲဝင် ကယားအလှမယ် နှင်းအိလွင်နှင့် မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရည်ရွယ်ပြီး  မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကနေ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ဆိုတဲ့ခေါင်းစဉ်နဲ့ ပွဲတော်ကို လာမယ့်ဇန်န၀ါရီလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့မှာ စတင်ကျင်းပနေပါတယ်။

အဲဒီပွဲတော့်ရဲ့ တစိတ်တပိုင်းအနေနဲ့ MISS Ethnic Myanmar တိုင်းရင်းသား အလှမယ်ရွေးပွဲလည်း ပြုလုပ်နေပါတယ်။

လတ်တလောမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက တိုင်းရင်းသားအသီးသီးက ကိုယ်စားပြုအလှမယ် ၄၁ ယောက် ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အဲဒီထဲက ကယားပြည်နယ်က ကယားလူမျိုး သင်္ချာ တတိယနှစ်မှာ ပညာသင်ယူနေတဲ့ အသက် ၂၁ နှစ်အရွယ် အလှမယ် နှင်းအိလွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ဒီပြိုင်ပွဲကို ဘယ်လို လာရောက်ယှဉ်ပြိင်ဖြစ်လဲဆိုတာ ပြောပြပါဦး။

ဖြေ။  “ညီမက ကယားပြည်နယ် ကယားတိုင်းရင်းသားကိုယ်စားပြုပါရှင်။ ကယားပြည်နယ် ကယားတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းကနေပြီးတော့ ကယားတိုင်းရင်းသား ကိုယ်စားပြု အတွက် အလှမယ်တွေ ခေါ်တယ်ပေါ့နော်။ အနည်းဆုံး တပြည်နယ်ကို ၃ ယောက်ဆိုတော့ အဲဒါနဲ့ ကယားပြည်နယ် ကယားတိုင်းရင်းသား ကိုယ်စားပြုအနေနဲ့သွားဖို့ ညီမကလည်း ကယားလူမျိုး ဖြစ်တော့ ပါဝင်ဖြစ်တယ်။”

မေး။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ အလှမယ် Miss Ethnic Myanmar ပြိုင်ပွဲဟာဟာ ဒါပထမဆုံး ကျင်းပပြုလုပ်တဲ့ ပွဲဖြစ်တာကြောင့် မြန်မာတိုင်းရင်းသားလူမျိုးအကြား မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဓလေ့တွေကို ဘာတွေ လေ့လာသင်ယူခဲ့ရလဲ။

ဖြေ။“ ဒီပြိုင်ပွဲကိုလာတော့ ဒီမှာ နှစ်ပတ်နေရတယ်လေ။  နှစ်ပတ်နေရတဲ့အချိန်မှာတော့ တခြားတိုင်းရင်းသား ညီကိုမောင်နှမတွေနဲ့ သိရတောပေါ့နော်။ သူတို့တွေနဲ့  ကိုယ့်ဘာသာစကား၊ သူ့ဘာသာစကား ဖလှယ်ကြတယ်။ သူတို့ရဲ့ လည်ပတ်စရာနေရာ၊ သူတို့ ပြည်နယ်အကြောင်းတွေလည်း ပိုသိလာရတာပေါ့နော်။ သူတို့ရဲ့အစားအသောက်တွေ အဲလိုအတွေ့အကြုံတွေရတယ်။ ”

မေး။ ကယားတိုင်းရင်းသား ကိုယ်စားပြုတယောက်အနနဲ့ ဘာတွေယှဉ်ပြိုင်သွားဖို့ရှိလဲ။

ဖြေ။ “ညီမ ဒီပြိုင်ပွဲကိုလာပြိုင်ရတဲ့ ရည်ရွယ်ချက်ကတော့  ကိုယ့်ရဲ့ကယားတိုင်းရင်းသားရဲ့ ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှု၊ ပြီးတော့ ကယားပြည်နယ်အကြောင်းတွေ နောက် ကယားစကားကို တခြားလူတွေနဲ့ ဖလှယ်တာပေါ့နော်။ နောက်အခုလိုမျိုး ညီမ ယှဉ်ပြိုင်မယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ညီမရဲ့ ကြိုးစားမှုကောင်းခဲ့မယ်ဆိုရင် တခြားလူတွေကလည်း ကယား ပြည်နယ်ကို ပိုမိုစိတ်ဝင်စားလာမယ်၊ စိတ်ဝင်စားလာမယ်ဆိုလို့ရှိရင် ပြည်နယ်ရဲ့ နယ်စပ်ဒေသ၊ အထူးသဖြင့် ခရီးသွားလာရေးလုပ်ငန်းကိုလည်း မြှင့်တင်နိုင်မယ်။ တိုင်းရင်းသားအကျိုးပြု လုပ်ငန်းပေါ့နော်။ အဲလိုမျိုးပုံစံတွေဖြစ်လာမယ့်လို့ ကျမထင်လို့ပါရှင့်။”

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးဟာ ဒီမြေထဲမှာမွေးဖွားပြီး ဒီမြေထဲမှာ ကြီးပြင်းလာတဲ့အတွက်ကြောင့်  မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုဝင်တွေဖြစ်တဲ့အတွက် အတူ တကွနေထိုင်နိုင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-Miss Ethnic Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013