DVB Logo
Home
Lead Story
မော်ရိုကိုအသင်း ပူးတွဲအိမ်ရှင် ကနေဒါကို ၃ ဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်တက်
DVB
·
July 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ဟူစတန်ကွင်းမှာ ဒီနေ့မနက်ယှဉ်ပြိုင်ကစားခဲ့ကြတဲ့  ဖီဖာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ မော်ရိုကိုအသင်းက  ကနေဒါကို (၃-၀) ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားပြီး ကနေဒါအသင်းကတော့  ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပထမဆုံး ထွက်ခွာခဲ့ရတဲ့ အိမ်ရှင်ဖြစ်သွားပါတယ်။ 

ဒီပွဲစကတည်းက ကနေဒါတို့ မြန်နှုန်းမြင့် ကစားကွက်တွေနဲ့ ပထမပိုင်းမှာ  မော်ရိုကိုအသင်းကို ဖိအားပေးကစားသွားခဲ့ပြီး ဂျိုနသန်ဒေးဗစ်နဲ့ တာနီ အိုလူဝါဆီယီ တို့ရဲ့ တယောက်ချင်း အပိုင်ကန်ချက်တွေကို မော်ရိုကိုဂိုးသမား ဘိုနိုက ပထမ ၁၁ မိနစ်အတွင်းမှာတင် အကောင်းဆုံး ကာကွယ်ခဲ့ပါတယ်။

ပထမပိုင်းမှာ တဖက်နဲ့တဖက်ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့  မော်ရိုကိုအသင်းအတွက် အနိုင်ဂိုးတွေကို အာဇတ်ဒင်း အိုနာဟီက ပွဲချိန် မိနစ် ၅၀ မှာတဂိုး ၊ ၈၂ မိနစ်မှာ တဂိုးသွင်းပေးခဲ့ပြီး ဆူဖီယန် ရာဟီမီက မိနစ်  ၉၀ ပြီးလို့  ပွဲပြီးခါနီး နာကျင်အချိန်ပို  ၈ မိနစ်မှာသွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ မော်ရိုကိုတို့ ဂိုးပေါက်ခြိမ်းခြောက်မှု ၅ ကြိမ်သာ လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ရှုံးထွက်ပွဲနိုင်တဲ့အသင်းတွေထဲမှာ အနည်းဆုံး မှတ်တမ်းတခု ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် အက်ရှ်ရက်ဖ် ဟာကီမီနဲ့ ဖန်တီးရှင် ဘရာဟင် ဒီယက်ဇ်တို့က ဒီပွဲမှာ ခြေစွမ်းပြခဲ့တာဖြစ်ပြီး တန်ပြန်တိုက်စစ်တွေနဲ့ ဂိုးတွေရခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် ကနေဒါအသင်းကတော့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်ပေမဲ့ ကနေဒါဘောလုံး သမိုင်းမှာ ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ သမိုင်းဝင် အောင်မြင်မှု အဖြစ် ကနေဒါနိုင်ငံသားတွေက ဂုဏ်ပြုခဲ့ကြပါတယ်။

ကနေဒါနည်းပြ ဂျက်ဆီမာ့ရှ်က "ပွဲအစပိုင်းမှာ ကွင်းထဲမှာ အသင်းတသင်းတည်းပဲ ရှိခဲ့သလိုပါပဲ၊ ကျနော်တို့ ကမ္ဘာ့အဆင့် ၇ ရှိတဲ့အသင်း (မော်ရိုကို) ထက် ပိုကောင်းခဲ့ပါတယ်" လို့ ပွဲအပြီးမှာ ပြောပါတယ်။

မော်ရိုကိုအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း  အုပ်စုအဆင့်မှာ ကနေဒါကို နိုင်ခဲ့သလို အခုလည်း ထပ်မံအနိုင်ရရှိခဲ့ပြီး ၅ ကြိမ် ဆုံတွေ့မှုမှာ ကနေဒါကို ရှုံးပွဲမရှိသေးပါဘူး။

မော်ရိုကိုနည်းပြ မိုဟာမက်အိုအာဘီကတော့ အသင်းရဲ့ ကစားဟန်ကို မပြောင်းလဲခဲ့တာကြောင့် အောင်မြင်မှုရခဲ့တာပါလို့ ဆိုပါတယ်။

အခုဆိုရင် မော်ရိုကိုဟာ ပြိုင်ပွဲစုံ ၃၄ ပွဲဆက် ရှုံးပွဲမရှိသေးပါဘူး။ သူတို့ဟာ  လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရှုံးပွဲမရှိသေးတဲ့အပြင် ၂၀၂၅ ခုနှစ် သြဂုတ်လနောက်ပိုင်း ဘယ်ပွဲမှ မရှုံးနိမ့်သေးတာ ဖြစ်ပါတယ်။ ဒါကြောင့် မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလားဖလားအတွက် အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်လာကြပါတယ်။

မော်ရိုကိုအသင်းဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက  စံချိန်တင်ခဲ့တဲ့ ဆီမီးဖိုင်နယ် အဆင့်သို့ ရောက်ရှိဖို့  တပွဲပဲလိုတော့တာဖြစ်ပြီး အခုနှစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တက်နိုင်ဖို့ကတော့ လာမဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source: BBC Sport

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013