DVB Logo
Home
မြန်မာသတင်း
သဲကုန်း အုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
DVB
·
January 25, 2019
သဲကုန်း အုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဒုအုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကော်မရှင်က ပြောပါတယ်။

သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးလွင်မင်း (ယခု လက်ထောက်ညွှန်ကြားရေးမှူး လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှ၊ သဲကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်တို့ကို အရေးယူထားတာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့နေ နစ်နာသူတို့က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်ရှိ အုတ်လုပ်ငန်းရှင်တွေထံမှ အုတ်ထုတ်လုပ်မှုအတွက် ငွေတွေကောက်ယူပြီး လိုင်စင်ထုတ်မပေးဘဲ ကိုယ်ကျိုးရယူ သုံးစွဲခဲ့တယ်ဆိုပြီး သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးလွင်မင်းအား အရေးယူပေးဖို့ ကော်မရှင်ကို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဓာတ်သတ္တုထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ဖို့ မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရရှိရေး ဆောင်ရွက်ရာမှာ ဦးခင်ဇော်က ဥပဒေနဲ့အညီ ရထိုက်ခွင့်မရှိတဲ့ ငွေကျပ် ၆ သိန်းခွဲကို လက်ခံရယူခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းကတော့ မြေနီလုပ်ငန်းရှင်ထံမှ ငွေကျပ် ၃၇ သိန်း၊ လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်တွေထံကနေ ဓာတ်သတ္တုခွန်အဖြစ် ဥပဒေနဲ့မညီဘဲ ငွေကျပ် ၂၂၄၄၀၀ဝ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှက လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်တွေထံကနေ ကောက်ခံရငွေ ငွေကျပ် ၈ သိန်းနဲ့ ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်းကောက်ခံရာမှ ရရှိငွေ ကျပ် ၄ သိန်းတို့ကို ရယူခဲ့တာကြောင့် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားကြတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဦးလွင်မင်း၊ ဦးထွန်းသာလှနဲ့ ဦးခင်ဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ သဲကုန်းမြို့မရဲစခန်းမှာ ဇန်နဝါရီ ၂၄ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013