DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ သင်္ကြန်ကာလအတွင်း အလုပ်သမား ၆၀၀ ကျော် အလုပ်ဖြုတ်ခံရ
ဇွဲသစ်
·
April 19, 2026
ထိုင်းနိုင်ငံ၌ သင်္ကြန်ကာလအတွင်း အလုပ်သမား ၆၀၀ ကျော် အလုပ်ဖြုတ်ခံရ
1 / 2
ပါကျင်ဘူလီခရိုင်၊ အဲကွန်းစက်ရုံက အလုပ်သမားများ (ဓာတ်ပုံ - WAG အလုပ်သမား မဟာမိတ်အဖွဲ့)
Donate to DVB

ထိုင်းနိုင်ငံ၊ ပါကျင်ဘူလီက စက်ရုံတရုံမှာ မြန်မာအလုပ်သမား ၆၀၀ ကျော်ကို ကြိုတင် အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခဲ့ပြီး လုပ်ခလစာလည်း အပြည့်မရဘူးလို့ သိရပါတယ်။

ကဘင်ဘူလီမြို့နယ်က အဲကွန်းစက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား MOU, PJ, CI ကိုင်ဆောင်ထားသူ စုစုပေါင်း ၆၂၂ ‌ယောက်ကို ဆုန်ခရန်ကာလအတွင်း အကြောင်းမဲ့ အလုပ်ရပ်နားလိုက်တာလို့ သိရပါတယ်။

အလုပ်သမားတွေဟာ အဲဒီစက်ရုံမှာ လုပ်သက် ၂ လကနေ ၁ နှစ်အထိ သက်တမ်းရှိသူတွေ ဖြစ်ကြပြီး၊ အဲဒီမှာ အလုပ်ရဖို့ အေဂျင်စီ ပွဲစားတွေဆီ တယောက်ကို အလုပ်သွင်းပေးခ စမတ်ကြေး ၅,၅၀၀ ဘတ်ကနေ ၆,၅၀၀၊ ၇,၅၀၀ ဘတ် အထိ ပေးကာ အလုပ်ဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကို ဧပြီ ၁၄ ရက်နေ့မှာ အေဂျင်စီ Line Group ကတဆင့် ဧပြီ ၁၆ ရက်ကစပြီး အလုပ်လာစရာ မလိုတော့ဘူးလို့ စာပို့ကာ အကြောင်းမဲ့ အလုပ် နားလိုက်တယ်လို့ ဆိုပါတယ်။

တချို့ အလုပ်သမားတွေဟာ ဘဏ်အကောင့် မရှိတာကြောင့် ၂ လ၊ ၃ လစာ လုပ်ခ မရသေးတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ဖြုတ်ခံရသူတယောက်က “အခု အလုပ်စက်ရုံက အော်ဒါ အရေအတွက်မရတော့ဘူး။ အဲဒါကြောင့်မလို့ ဒီလူတွေ ခဏနားခိုင်းတဲ့ သဘောပေါ့။ ၇ လပိုင်းလောက်မှာ ညီမတို့ကို ချွန်ဘူရီ ပို့ပေးမယ် ပြောတယ်။ ချွန်ဘူရီက ဒီစက်ရုံနဲ့တရုံတည်း အတူတူပဲ။ သူဌေးအတူတူပဲ။ အဲစက်ရုံမှာလည်း ညီမတို့နဲ့အတူတူပဲ လုပ်ခလစာ မရလို့ တိုင်ထားတဲ့သူတွေ ရှိတယ်။ အလုပ်ကလည်း အဆင်မပြေကြဘူး။ အခုကတော့ တချို့က အိမ်၊ စားဝတ်နေရေး အခက်အခဲရှိတယ်။ တချို့ကျ လုပ်ခလစာ မရကြသူတွေလည်းရှိတယ်။ တချို့ ကျတော့လည်း ဗီဇာ စာရွက်စာတမ်း တလကျန်တာကို သူတို့ ဆက်မလုပ်ပေးခဲ့ရင် ညီမတို့က အခက်အခဲတွေ ရှိတယ်။ ညီမတို့ဆို စာအုပ်ဖိုး ပေးထားတယ် သက်တမ်းတိုးဆဲပေါ့။ သူတို့ အလုပ်ထုတ်ခဲ့ရင် ညီမတို့ အခြားအလုပ်ပြောင်းဖို့ စာရွက်စာတမ်း အစုံရှိရမယ်။ အဲလို စာရွက်စာတမ်း အခက်အခဲတွေ ရှိတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရကြောင်း တရားဝင်အကြောင်းကြားစာ မရတဲ့အတွက် စက်ရုံဘက်က အလုပ်ထုတ်တာလား၊ ယာယီ နားခိုင်းတာလား မသေချာသေးတဲ့အတွက် စက်ရုံရှေ့မှာ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် တိကျတဲ့ အဖြေမရသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေပါအတိုင်း ထိုက်သင့်တဲ့ လုပ်ခလစာရရှိရေးအတွက် အလုပ်သမား အဖွဲ့အစည်းတွေဆီ အကူအညီ တောင်းခံထားပါတယ်။

WAG အလုပ်သမား မဟာမိတ်အဖွဲ့အနေနဲ့ ဧပြီ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ အလုပ်သမားရုံးနဲ့ လူမှုဖူလုံရေးဌာနတွေကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

WAG - အလုပ်သမား မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုမုန်တိုင်းက “အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရတာက တစ်အချက် လုပ်ခလစာတွေကို ဘဏ်နဲ့ ရှင်းတဲ့အခါ အလုပ်သမားရဲ့ လုပ်ခလစာတွေ မပြည့်တာ၊ အေဂျင်စီက တဆင့် ရှင်းပေးတယ် ကြားတယ်။ တချို့ဆိုရင်လည်း ဘဏ်နဲ့ဆိုရင် စက်ရုံက တိုက်ရိုက် ရှင်းပေးတယ်။ ဒါပေမဲ့ အေဂျင်စီက ပြန်နုတ်ယူနေတာပေါ့။ အဲ့လို လစာ မမှန်တာတွေ၊ ပြီးရင် အလုပ်သမားတွေဆီက ကျန့်ခေါက်ကြေး (သူဌေးပြောင်း စာရွက်စာတမ်းခ) တောင်းပြီး မလုပ်ပေးတာတွေ။ စာရွက်စာတမ်း သေတာတွေ ဒါတွေ တွေ့ရတယ်။ အဲဒါတွေကို သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံးတွေကို ပြောထားတယ်။ နောက်ပြီးရင် မြို့နယ် လူဖူလုံရေးတွေလုပ်ပေးမယ်ဆိုပြီး လူမှုဖူလုံရေးကတ်တွေ မရတာတွေ့ရတယ်။ အဲဒီတော့ ဌာနဆိုင်ရာ ၃ ဖွဲ့ကို ကျနော်တို့ အကူညီတောင်းပေးထားပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် မတ်လကနေ ဧပြီလအတွင်း စက်ရုံ အလုပ်ရုံတွေကနေ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားအရေအတွက် ထောင်နဲ့ချီ ရှိနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

အခုကာလမှာ  စက်ရုံအများစုဟာ အလုပ်သမားတွေကို နေ့စားလုပ်သားတွေအနေနဲ့ အများဆုံး အလုပ်ခေါ်ယူတာဖြစ်ပြီး ပွဲစားအချို့က အလုပ်သမားတွေဆီကနေ စမတ်ကြေး အဆမတန် တောင်းကာ အလုပ်သွင်းပေးတာတွေ ရှိနေပါတယ်။

ထိုင်းမှာ ၂၀၂၆ ခုနှစ်အတွင်း စက်ရုံတွေက အလုပ်အော်ဒါရရှိမှု နည်းတာ၊ စက်သုံးဆီဈေး မြင့်တာနဲ့ ကုန်ကျစရိတ်များတာတွေကြောင့် အလုပ်သမားတွေ ဆက်တိုက် အလုပ်ဖြုတ်ခံနေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013