
ပီရူးနိုင်ငံ၊ လီမာမြို့တော်မှာ ဇွန် ၁ ရက်က နတ်ဆရာတွေနဲ့ အကြားအမြင်ဆရာတွေ စုဝေးပြီး လာမဲ့ ဇွန် ၇ ရက်မှာ ကျင်းပမဲ့ သမ္မတရွေးကောက်ပွဲရဲ့ ဒုတိယအကျော့ရလဒ်ကို ကြိုတင်ခန့်မှန်း ဟောကြားတဲ့ ရိုးရာဓလေ့ နတ်ပူဇော်ပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အနာဂတ်ကို ဟောပြောတဲ့နေရာမှာ နတ်ဆရာတွေ ကိုယ်တိုင်တောင် ဘယ်သူနိုင်မလဲဆိုတာ သဘောထား ကွဲလွဲနေကြတာကြောင့် ဒါဟာ လက်ရှိ အန်ဒီယန်နိုင်ငံဖြစ်တဲ့ ပီရူးမှာ လူထုအမြင် အပြင်းအထန် ကွဲပြားနေတာကို ပေါ်လွင်စေခဲ့ပါတယ်။
မြောက်ပိုင်းက နတ်ဆရာ ဟွမ်ဒီ ဒီယော့စ်ဂါစီယာကတော့ အပြောင်းအလဲလိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အကြောင်းပြပြီး လက်ယာစွန်းကိုယ်စားလှယ် ကေးကို ဖူဂျီမိုရီ သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
သူက “လူအများစုက ဖူဂျီမိုရီကို သူ့အဖေနဲ့ သူ့မောင်ကြောင့် ဝေဖန်အပြစ်တင်နေကြပေမဲ့ သူကိုယ်တိုင်ကတော့ တိုင်းပြည်ကို မအုပ်ချုပ်ရသေးပါဘူး။ ဒီနှစ်မှာတော့ ပီရူးနိုင်ငံရဲ့ အပြောင်းအလဲအတွက် အေးပါ့စ်ရိုးရာတောင်စောင့်နတ်တွေနဲ့ သဘာဝလေနတ်မင်းတွေကပါ ကေကို ဖူဂျီမိုရီ ဘက်က ဝန်းရံပေးနေပါတယ်” လို့ ပြောပြီး ကာကွယ်ထောက်ခံသွားခဲ့ပါတယ်။
တဖက်မှာလည်း အကြားအမြင်ဆရာမကြီး အာနာ မာရီယာ ဆီမြွန်ကတော့ လက်ဝဲဝါဒီ ရိုဘာတို ဆန်းချက်ဇ်ပဲ အနိုင်ရလိမ့်မယ်လို့ ဟောပြောခဲ့ပြီး “ဆန်းချက်ဇ်ဟာ တရားဝင်မဲနဲ့ပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းတွေ၊ ပြင်ပဩဇာလွှမ်းမိုးမှုတွေ ဒါမှမဟုတ် ခြစားမှုတွေကြောင့်ပဲဖြစ်ဖြစ် အာဏာရလာမဲ့ အမျိုးသားတယောက် ဖြစ်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက မမှန်မကန် ဖြစ်နေတာတွေ အများကြီးရှိနေပြီး ဒါတွေက မကြာခင် ပေါ်ပေါက်လာပါလိမ့်မယ်။ တိုင်းပြည်ကို ကောင်းရာကောင်းကျိုးပဲ လုပ်စေချင်တယ်၊ ဒီနိုင်ငံကို ကျူးဘားနဲ့ ဗင်နီဇွဲလားလိုမျိုး ဖြစ်မသွားစေချင်ဘူး” လို့ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
ဒီလို ဟောကိန်းတွေ အပြိုင်အဆိုင် ကွဲပြားနေတာဟာ ကိုယ်စားလှယ် ၂ ယောက်ကြား အကြိတ်အနယ် ရှိနေတာကို ပြသနေတာပါ။
ကေကို ဖူဂျီမိုရီဟာ သမ္မတရွေးကောက်ပွဲကို ၄ ကြိမ်မြောက် ဝင်ပြိုင်တာဖြစ်ပြီး ကွယ်လွန်သူ သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီရဲ့ သမီး ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဘက် ရိုဘာတို ဆန်းချက်ဇ် ကတော့ လက်ရှိ ထောင်ဒဏ်ကျခံနေရတဲ့ သမ္မတဟောင်း ပတ်ဒရို ကက်စတီလိုရဲ့ မဟာမိတ်တယောက် ဖြစ်ပါတယ်။
မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ အစ်ပ်ဆော့စ် လူထုဆန္ဒကောက်ယူမှုအရ မဲမပေးခင်မှာ ဖူဂျီမိုရီက ၃၈ ရာခိုင်နှုန်းနဲ့ အသာစီးရနေပြီး ဆန်းချက်ဇ်က ၃၅ ရာခိုင်နှုန်းနဲ့ ကပ်လိုက်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ရုပ်သံစကားရည်လုပွဲမှာလည်း ဒီကိုယ်စားလှယ် ၂ ယောက်ဟာ ရာဇဝတ်မှု၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အကြိတ်အနယ် အချေအတင် ဖြစ်ခဲ့ကြပါတယ်။
ဖူဂျီမိုရီက ရာဇဝတ်မှုကျူးလွန်တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ပစ်မယ်လို့ ကတိပြုခဲ့ပြီး ဆန်းချက်ဇ်ကတော့ ဖူဂျီမိုရီရဲ့ ပါတီဟာ တရားစီရင်ရေးစနစ်ကို ဖျက်ဆီးနေတယ်လို့ ပြန်လည် စွပ်စွဲခဲ့ပါတယ်။
Source: Reuters










