
ထိုင်ဝမ်အနာဂတ်ကို "ပြင်ပအင်အားစု” တွေက မဆုံးဖြတ်နိုင်ဘဲ ကိုယ့်ပြည်သူတွေပဲ ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့ သမ္မတ လိုင်ချင်းတယ်က မေ ၂၀ ရက်မှာ ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအနေနဲ့ လွတ်လပ်မှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ သူ့ရဲ့ သမ္မတသက်တမ်း ၂ နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။
ထိုင်ဝမ်ကို သူတို့ပိုင်တယ်လို့ ဆိုထားပြီး လိုင်ကို ခွဲထွက်ရေးသမားလို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံ ရဲ့ ဖိအားတွေ ရှိနေပါတယ်။
ဒါ့အပြင် အစဉ်အလာအရ အရေးအပါဆုံး ထောက်ခံသူဖြစ်တဲ့ အမေရိကန်ဆီက ဖိအားတွေကိုပါ သူ ရင်ဆိုင်နေရတာပါ။
ပြီးခဲ့တဲ့အပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီးနောက် ထိုင်ဝမ်ကို လက်နက် ထပ်ရောင်းဖို့ ကိစ္စ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
လက်နက်ရောင်းချမှုဟာ အပေးအယူလုပ်ဖို့ ကောင်းတဲ့အရာဖြစ်ပြီး တစုံတယောက်က လွတ်လပ် ရေးယူကြစို့လို့ ပြောလာမှာကို သူ မလိုလားဘူးလို့ ထရမ့်ပ်က ပြောပါတယ်။
ထိုင်ဝမ်ရဲ့အနာဂတ်ကို ကြောက်ရွံ့မှု၊ သွေးကွဲမှုနဲ့ ရေတိုအကျိုးစီးပွားတွေရဲ့ ဓားစာခံအဖြစ် အသုံးချ မခံနိုင်ဘဲ လူဦးရေ ၂၃ သန်းကသာ ပူးပေါင်းဆုံးဖြတ်ရမယ်လို့ လိုင်က ဆိုပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ဟာ ထိုင်ဝမ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက် ဖြစ်ပါတယ်။
တန်းတူညီမျှမှုနဲ့ ဂုဏ်သိက္ခာရှိမှု မူဝါဒတွေအပေါ် အခြေခံပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ဆန္ဒရှိတယ်လို့ လိုင်က ဆက်ပြောပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ ပေါင်းစည်းရေး ကြိုးပမ်းမှုတွေကိုတော့ လက်မခံဘူး လို့ သူက ဆိုပါတယ်။
Source:Reuters










