DVB Logo
Home
Lead Story
ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အလဲဗင်းမီဒီယာတို့ရဲ့ ကာရန်မဲ့ ပွတ်တိုက်မှု
DVB
·
January 15, 2019
ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အလဲဗင်းမီဒီယာတို့ရဲ့ ကာရန်မဲ့ ပွတ်တိုက်မှု
Donate to DVB

ကုန်သည်လမ်းပေါ်က သတင်းမီဒီယာကောင်စီရုံးကို ရောက်တော့ မနက် ၁၀ နာရီ ထိုးတော့မယ်။ ရုံးရှေ့ ဆင်ဝင်အောက်မှာ ခါတိုင်းဖွင့်နေကျ လက်ဖက်ရည်ဆိုင်ကလေးကို မတွေ့ရ။ ထူးထူးခြားခြား လူရှင်းနေ။

ရုံးပေါ်မှာလည်း မီဒီယာကောင်စီဝင်တွေ တော်တော်လေး စုံစုံလင်လင်တွေ့ရ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာမယ်တဲ့။

သြော် . . . ဒါကြောင့် ရုံးဆင်ဝင်အောက်က လက်ဖက်ရည်ဆိုင်ကလေး မတွေ့ရတာကိုး။

ဒီနေ့ သတင်းမီဒီယာကောင်စီရုံးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အလဲဗင်းမီဒီယာဂရု(ပ်)က တာဝန်ရှိသူတွေ၊ မီဒီယာကောင်စီဝင်တွေ သုံးပွင့်ဆိုင် တွေ့ဆုံပြီး အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး အပြီးသတ် တွေ့ဆုံညှိနှိုင်းကြမှာတဲ့။

မကြာခင်မှာပဲ  သတင်းသမားတွေ တဖွဲဖွဲ ရောက်လာ။ အလဲဗင်းမီဒီယာဂရု(ပ်)က တာဝန်ရှိသူတွေ ရောက်လာ။ ရှေ့ဆင့်နောက်ဆင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း အခြံအရံတွေနဲ့ ဝေါကနဲ ရောက်လာ။

ဦးဖြိုးမင်းသိန်းနဲ့ အလဲဗင်းတို့ မီဒီယာကောင်စီဝင်တွေရှေ့မှာ တွေ့ဆုံညှိနှိုင်းကြတော့မယ်တဲ့။

သတင်းထောက်တွေ စည်းဝေးခန်းထဲကို ဓာတ်ပုံဝင်ရိုက်ကြ။ ထုံးစံအရ တံခါးပိတ်ဆွေးနွေးပွဲ လုပ်ရမှာဖြစ်ပေမယ့် ဦးဖြိုးမင်းသိန်းကိုယ်တိုင်က သတင်းထောက်တွေ အားလုံးရှေ့မှာ ဆွေးနွေးဖို့ တောင်းဆိုလိုက်တာကြောင့် သတင်းထောက်တွေ မျက်စိအောက်မှာ ကင်မရာတွေရှေ့မှာ ဆွေးနွေးပွဲ စတင်လိုက်ပါတယ်။

ဒီအခြေအနေထိရောက်အောင် ပြဿနာတက်တဲ့ ဆောင်းပါးခေါင်းစဉ်က အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ တဲ့။

ဆောင်းပါးရေးသူက ကိုဖြိုးဝေ၊

ဒီဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက ပုဒ်မ ၅၀၅(ခ) နဲ့ အလဲဗင်းမီဒီယာဂရု(ပ်) က တာဝန်ရှိသူတွေကို တရားစွဲခဲ့။

ရန်ကုန်တိုင်းအစိုးရနဲ့ မီဒီယာကြီးကြား ရုံးရောက် ကနားရောက် ပြဿနာမို့ စိတ်ဝင်စားသူတွေ များပြားခဲ့။ သတင်းလောကမှာလည်း လှုပ်ခတ်မှုတွေ စိုးရိမ်မှုတွေ အထွတ်အထိပ်ကို ရောက်သွား။ သတင်းလွတ်လပ်ခွင့်ကို အစိုးရက ထိပါးတော့မှာလား ဆိုတဲ့ စိုးရိမ်မှုတွေ သတင်းသမားတွေကြား ပိုပိုတိုးလာ။

ဒီသတင်းဟာ ပုဂ္ဂလိက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းသတင်း ဖြစ်ခဲ့ရ။

အမှုရင်ဆိုင်နေတုန်း အောက်တိုဘာ ၁၇ ရက်နေ့ရောက်တော့ နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို လမ်းညွှန်မှုတခုပေးခဲ့။ အဲဒီလမ်းညွှန်မှုက ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ ကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်းရန်၊ ပြေလည်မှုမရှိပါက တရားရုံးမှာ ဥပဒေနဲ့အညီ တိုင်ကြားဖြေရှင်းရန် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက သမ္မတ လမ်းညွှန်မှုအတိုင်း လုပ်ခဲ့။ တရားစွဲတာကို ရပ်ခဲ့။ အမှုပိတ်ခဲ့။ ဒီလိုနဲ့ ဒီအမှုဟာ မီဒီယာကောင်စီကို ဂ ငယ်ကွေ့ ကွေ့ပြီး ရောက်ခဲ့ရ။

ဒါပေမယ့် ဘယ်သူမှားတာလဲ၊ ဘာမှားတာလဲ၊ ဘယ်သူက တောင်းပန်ရမှာလဲ။  ဝမ်းနည်းကြောင်း ပြောမှာလား၊ စသဖြင့် မေးခွန်းတွေတသီကြီး ဆက်တိုက်ထွက်ပေါ်ခဲ့။

ဆောင်းပါးရှင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ကိုးကားရေးသားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ကိုးကားမှုဟာ အတော်ကလေး အားကောင်းတယ်လို့ သာမန်အားဖြင့် ဆိုနိုင်ပါတယ်။ ကြိုးစားအားထုတ်မှုဟာလည်း မြင့်မားခဲ့တယ်ဆိုတာ ဆောင်းပါးဖတ်သူတိုင်း သတိပြုမိကြပါတယ်။

ဒါပေမယ့် ဦးဖြိုးမင်းသိန်းက Yangon Metropolitan Development အများပိုင်ကုမ္ပဏီ အနေဖြင့် အစုရှယ်ယာပိုင်ဆိုင်မှုမှာ လူပုဂ္ဂိုလ်အမည် ပါဝင်နေခြင်းဟာ  အစိုးရကိုယ်စား ပါဝင်နေခြင်းသာဖြစ်ကြောင်း အချက်အလက်မှန်ကို ရှင်းပြလိုက်တဲ့အခါမှာတော့ ဆောင်းပါးရဲ့ ကိုးကားချက်မှာ လိုအပ်တာတွေကို သတိပြုမိလိုက်ကြပါတော့တယ်။

ကျနော်တို့လို သာမန်သတင်းသမားတွေအတွက်တော့ ဒီလိုဆောင်းပါးမျိုးရေးရင် အများကြီး ကြိုးစားဖို့ အများကြီး နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာဖို့ လိုတယ်ဆိုတာကိုလည်း သိလိုက်ရ။ ကြိုးစားမှုဆိုတာ ပိုတယ်မရှိ၊ လိုတယ်သာရှိတယ် ဆိုစကား မှန်ပဗျာ။

သတင်းရေးဖို့ အချက်အလက် စုဆောင်းရှာဖွေရှာမှာ လိုအပ်ချက်ရှိတာ၊ မပြည့်စုံတာတွေကြောင့် သတင်းသုံးသပ်ချက်ရေးရာမှာ အများကြီး တိမ်းစောင်းသွားနိုင်တယ်ဆိုတာကိုလည်း မျက်ဝါးထင်ထင် တွေ့လိုက်ရ။

တောင်းပန်တာ၊ ဝမ်းနည်းစကား ပြောတာတွေထက် အချက်အလက် မှန်မမှန်ပေါ်မှာ ဦးဖြိုးမင်းသိန်းက ပိုမိုအာရုံစိုက်လိုပုံ ရပါတယ်။ အရင်အစိုးရကို မသမာသူလို့ လူတွေက မြင်နေသလို သူ့ကိုလည်း  မြင်မှာ လိုလားပုံမရ။ ဒါလည်း သဘာဝကျတယ်လေ။

လူထုမဲနဲ့တက်လာတဲ့ အစိုးရမို့ လူထု အထင်အမြင်လွဲမှာကို သူမလိုလားလို့ အခုလို မီဒီယာကောင်စီမှာ ကိုယ်တိုင်လာရောက်ရှင်းပြတာ ဖြစ်နိုင်ပါတယ်။

တရားရုံးမှာ အနိုင်ရတာထက် မီဒီယာတွေကတဆင့် လူထုကို သတင်းမှန်ပြောပြတာ အသိပေးတာ ပိုမိုသင့်လျှော်မယ် ထိရောက်မယ်လို့ ယုံကြည်ပုံရပါတယ်။

တွေ့ဆုံညှိနှိုင်းပွဲပြီးတော့ အလဲဗင်းနဲ့ ဦးဖြိုးမင်းသိန်းတို့ လက်ဆွဲနှုတ်ဆက်ကြ။

လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ဒီပြဿနာရဲ့ အဖြေအတွက် အကြမ်းဖျင်း သဘောတူညီချက် တခုခုရလိုက်ပြီလို့ ကျေနာ် နားလည်လိုက်ပါတယ်။

အခုလို မီဒီယာကြီးတခုနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ကြား မမျှော်လင့်တဲ့ ပွတ်တိုက်မှုကြောင့် နိုင်ငံဖွံ့ဖြိုးမှု ၊ နိုင်ငံရဲ့ပုံရိပ်ထိခိုက်မှာကို စိုးရိမ်နေတဲ့သူတွေ ရင်ထဲ နည်းနည်းပေါ့သွားကြ။

နိုင်ငံတိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်မှာ အကြောင်းကိစ္စငယ်ကလေးတွေ အဖုအထစ်ကလေးတွေ ပေါ်ပေါက်လာတိုင်း အမြော်အမြင်ကြီးကြီးနဲ့ ညှိနှိုင်းကျော်လွှားတတ်တဲ့ ယဉ်ကျေးမှုတရပ် ထွန်းကားလာရင် သိပ်ကောင်းမှာပေါ့ဗျာ။

ဝန်ကြီးချုပ်ပြန်သွားတော့ ရုံးဆင်ဝင်အောက်က လက်ဖက်ရည်ဆိုင်ကလေး ပြန်ဖွင့်နေပြီလားလို့ အပြေးကလေး သွားကြည့်ရပါဦးမယ်။ အဲဒီ လက်ဖက်ရည်ဆိုင်မှာ ကဗျာဆရာ သူငယ်ချင်းတယောက်နဲ့ ချိန်းထားတယ်လေ။ ဒီအဖြစ်အပျက်ကလေး သူ့ကိုပြောပြရင် ကာရံမဲ့ ကဗျာကလေးတပုဒ်များ ဖြစ်သွားမလား။ မပြောနိုင်ဘူးလေ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013