DVB Logo
Home
မြန်မာသတင်း
အလဲဗင်းမီဒီယာကို စွဲထားသည့်အမှု ရန်ကုန်တိုင်းအစိုးရ ပြန်ရုပ်သိမ်း
DVB
·
November 9, 2018
အလဲဗင်းမီဒီယာကို စွဲထားသည့်အမှု ရန်ကုန်တိုင်းအစိုးရ ပြန်ရုပ်သိမ်း
Donate to DVB

အလဲဗင်းမီဒီယာ သတင်းသမားသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

ဒီအမှုကို တရားရုံးမှာ ရုပ်သိမ်းပေမယ့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားလို့  ကောင်စီက ကြားဝင်ညှိနှိုင်းပေးရမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

“ကျနော်တို့ အမှုရုပ်သိမ်းဖို့ ဥပဒေရုံးကို တင်ပါတယ်။ တရားရုံးကို မိတ္တူလာပေးတာပါ။ ကျနော်တို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ညှိနှိုင်းဖြေရှင်းပေးဖို့ တင်ထားပါတယ်။ တင်ထားတဲ့အတွက် အမှုရုပ်သိမ်းတာပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာ  ၈ ရက်ထုတ် အလဲဗင်းဂျာနယ်ပါ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့အား ပြည်သူတွေက အကြည်ညိုပျက် စေတဲ့အတွက် အလဲဗင်း သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်း၊  အယ်ဒီတာချုပ် ကိုကျော်ဇောလင်းနဲ့ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းတို့ကို တိုင်းအစိုးရအဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားစွဲဆိုခဲ့တာပါ။

ဒီအမှုကိစ္စ မီဒီယာကောင်စီကနေ ညှိနှိုင်းပြီး စနစ်တကျ ဥပဒေနဲ့အညီ ဆောက်ရွက်သွားဖို့  သမ္မတက လမ်းညွှန်လိုက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း ကိုယ်တိုင်လက်မှတ်ထိုးပြီး အောက်တိုဘာ ၁၇ ရက်စွဲနဲ့ ရန်ကုန်တိုင်းအစိုးရထံ ညွှန်ကြား ချက်ပေးပို့ခဲ့ပါတယ်။

ဆောင်းပါးပါ အချက်တွေဟာ မှားယွင်းနေတဲ့အတွက် အလဲဗင်းမီဒီယာအနေနဲ့ ပြန်လည်တောင်းပန်ပေးဖို့နဲ့ စာနယ်ဇင်းကောင်စီက ကြားဝင်ညှိနှိုင်းရာမှာ မအောင်မြင်ရင်တော့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့ကပဲ နိုင်ငံပိုင်မီဒီယာတွေကို ပြောကြားထားပါတယ်။

အလဲဗင်း အယ်ဒီတာချုပ် ကိုကျော်ဇောလင်းကတော့ ဆောင်းပါးပါ အချက်အလက်တွေဟာ အမှန်အတိုင်းဖြစ်နေတဲ့အတွက် တောင်းပန်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့က စာနယ်ဇင်းကောင်စီနဲ့ပဲ သွားဖို့တင်ပြထားပြီးသားပါ။ ကျနော်တို့ တောင်းပန်စရာမရှိဘူး။ မှန်ကန်တဲ့ သတင်းရင်းမြစ် (source) တွေက ဖော်ပြထားတာကို ရေးထားတာပါ။”

အလဲဗင်းသတင်းသမား သုံးဦးကို တာမွေမြို့နယ် တရားရုံးကနေ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ တဦးကို ငွေကျပ် သိန်း ၁၀၀ စီ စုစုပေါင်း ကျပ်သိန်း ၃၀၀ အာမခံနဲ့ ပြန်လွှတ်ပေးထားပြီး အမှုဆက်လက် ရင်ဆိုင်နေတာဖြစ်ပါတယ်။

ဒီအမှုကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာသူက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့၊ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၂ အရ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းပေးဖို့  သမ္မတက ညွှန်ကြားထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၃ အရ ညှိနှိုင်း ဖြေရှင်းရာမှာ ပြေလည်မှု မရရှိပါက တိုင်ကြားသူ ဒါမှမဟုတ် ကျေနပ်မှုမရှိသူဟာ သက်ဆိုင်ရာတရားရုံးမှာ ဥပဒေနဲ့အညီ တရားစွဲနိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကလည်း ဒီအမှုကို သတင်းမီဒီယာဥပဒေနဲ့သာ အရေးယူဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013