DVB Logo
Home
မြန်မာသတင်း
အလဲဗင်းမီဒီယာ သတင်းသမားများအမှု မီဒီယာကောင်စီသို့တိုင်ကြား ညှိနှိုင်းဖြေရှင်းရန် သမ္မတညွန်ကြား
DVB
·
October 18, 2018
အလဲဗင်းမီဒီယာ သတင်းသမားများအမှု မီဒီယာကောင်စီသို့တိုင်ကြား ညှိနှိုင်းဖြေရှင်းရန် သမ္မတညွန်ကြား
Donate to DVB

အလဲဗင်းမီဒီယာရဲ့ အယ်ဒီတာချုပ်အပါအ၀င် သတင်းသမား ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးတရားစွဲထားတဲ့အမှုကိစ္စကို မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားပြီး တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ နိုင်ငံတော် သမ္မတက ညွန်ကြားလိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး  နိုင်ငံတော် သမ္မတက လမ်းညွန်လိုက်လို့ စနစ်တကျ ဥပဒေနဲ့ အညီ ဆောက်ရွက်သွားဖို့  တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း ကိုယ်တိုင် လက်မှတ် ရေးထိုး ပြီး အောက်တိုဘာ ၁၇ ရက်နေ့စွဲနဲ့ စာပေးပို့ထားတာဖြစ်ပါတယ်။

ဒီအမှုကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၁ အရ နစ်နာတဲ့ အဖွဲ့အစည်း ၊ ဌာန၊ ပုဂ္ဂိုလ်ဟာ ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားဖို့၊ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက နှစ်ဖက်တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးဖို့ ညွန်ကြားချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၃ အရ ညှိနှိုင်း ဖြေရှင်းရာမှာ ပြေလည်မှု မရရှိပါက တိုင်ကြားသူ ဒါမှမဟုတ် ကျေနပ်မှုမရှိသူဟာ သက်ဆိုင်ရာ တရားရုံးမှာ ဥပဒေနဲ့ အညီ တရားစွဲနိုင်တယ်လို့ လည်းဆိုပါတယ်။

အလဲဗင်းမီဒီယာရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကိုဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့  အရေးယူထားတဲ့အမှုနဲ့ပတ်သက်ပြီး  မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကလည်း ကန့်ကွက်ထားပြီး သတင်းမီဒီယာဥပဒေနဲ့သာ အရေးယူဖို့ တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ “အမြဲရှုံးနေတဲ့ စက်သုံး ဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” သတင်းဆောင်းပါးဟာ ပြည်သူတွေက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ စေတယ်ဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားတာပါ။

မနေ့က တာမွေမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ရုံး ထုတ်စစ်ဆေးခဲ့ ရှေ့နေက သတင်းသမားတွေအတွက် အာမခံလျောက်ထားခဲ့ပြီး လာမယ့် ရုံးချိန်းမှာ အာမခံပေးမယ်၊ မပေးဘူး အမိန့်ချမှတ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013