DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးတွင် ပုံစံ ၇ ထဲ လယ်မြေဧက မမှန်မကန်လျှောက်ထားမှုကြောင့် ချေးငွေ ဆိုင်းငံ့
DVB
·
January 6, 2019
ကျောက်တံခါးတွင် ပုံစံ ၇ ထဲ လယ်မြေဧက မမှန်မကန်လျှောက်ထားမှုကြောင့် ချေးငွေ ဆိုင်းငံ့
Donate to DVB

ကျောက်တံခါးမြို့နယ်အတွင်း ကျောင်းစိုးကျေးရွာအုပ်စုက ဆောင်းသီးနှံ စိုက်ဘဏ်ချေးငွေလျှောက်ထားရာမှာ တောင်သူအချို့ ပုံစံ ၇ ထဲ လယ်မြေဧက မမှန်မကန်လျှောက်ထားတွေ့ရှိတာကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်း ဆောင်းသီးနှံအတွက် ဘဏ်ချေးငွေလျောက်ကြရာမှာ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ ၇ ထဲက လယ်ဧကနဲ့ အပြင်မှာ လက်ရှိ တကယ်ပိုင်ဆိုင်တဲ့ လယ်ဧကတွေထက် ပိုတင်ထားတဲ့ မှန်မကန်လိမ်ညာလျှောက်ကြသူ အများအပြား ဖော်ထုတ်တွေ့ရှိခဲ့တာကြောင့် ကျေးရွာတအုပ်စုလုံးကို ချေးငွေ ဆိုင်းငံ့ထားတယ်လို့ ကျောက်တံခါးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ  ဒေါ်မိုးသီတာက ဒီဗွီဘီကို ပြောကြားပါတယ်။

''ကျမတို့ မြို့နယ်ထဲက ၅၄ အုပ်စုရှိပါတယ်။ ၅၃ အုပ်စုကို ၂၀၁၈ အတွင်းမှာ ငွေချေးပေးပြီးဖြစ်ပေမယ့် ကျောင်းစိုးကျေးရွာအုပ်စုမှာ ပုံစံ ၇ ထဲက လယ်ဧကရယ်၊ မြို့နယ်မြေစာရင်းရုံးက ပုံစံ ၅ ထဲမှာ ဖြည့်စွပ်ထားတာတွေက ဧကတွေ ကွာနေလို့ ကျမတို့ ဘဏ်အနေနဲ့ ချေးငွေ ဆိုင်းငံ့ထားရပါတယ်။ တောင်သူတွေ အပြင်မှာ တကယ်ရှိတာက ၁ ဧက ပုံစံ ၇ မှာက '၁' နောက်ကနေ '၀' တွေဖြည့်တယ်။ အခြားဂဏန်းတွေ ထပ်မံဖြည့်ထားတာကို လေ့လာတွေ့ရှိရသလို မြို့နယ်မြေစာရင်းရုံးကို စစ်ဆေးပေးဖို့ ပြောထားပါတယ်။'

ပုံစံ ၇ ထဲမှာ လယ်ဧက တိုးပြီးချေးယူသူ အခြား ၅၃ အုပ်စုတွေမှာတော့ သုံးလေးဦးသာ တွေ့ရှိရပေမယ့် ကျောင်းစိုးကျေးရွာအုပ်စုမှာတော့ တောင်သူ ၁၅၇ ဦး ရှိတာကို စိစစ်တွေ့ရှိရတယ်လို့ သိရပါတယ်။

မြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးအောင်ချိန်လှိုင် ''တောင်သူတွေက သူတို့ဘာသာဖြည့်စွပ်ထားတာလည်းပါတယ်။ ပုံစံ ၇ ထုတ်ပေးရေး စီမံချက် ကာလတွေတုန်းက ကျနော်တို့ ရုံးပိုင်းဆိုင်ရာကလည်း မြို့နယ်မြေစာရင်း ပုံစံ ၅ မှာ ပြန်လည်မှတ်တမ်းတင်မှုမှာ မပါမိတာတွေလည်း ရှိမှာပါ။ ဒါပေမယ့် ကျနော်ဘက်မှာတော့ အမှုတွဲတွေရှိပြီးသားပါ။ စိုက်ဘဏ်က တောင်သူပိုင်ဆိုင်တဲ့ စိုက်ဧကအမှန် ကျနော်တို့ ပြန်လည်စိစစ်ပြီးမှ တောင်သူကို ငွေချေးပေးမယ်ပြောလို့ အခုတပတ်အတွင်း အပြီးစိစစ်လုပ်နေပါတယ်။ တောင်သူဘက်ကလည်း ၁ ဧကနောက်မှာ ဂဏန်းတွေ ထပ်ဖြည့်လိုက်တာရှိသလို ကျနော်တို့ ရုံးပိုင်း သက်ဆိုင်ရာ မြေတိုင်းစာရေးများဘက်ကလည်း မှားယွင်းဖြည့်စွပ်မိတာတွေရှိပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆောင်းသီးနှံအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဒီဇင်ဘာလတိုင်း တောင်သူတွေကို အပြီးချေးပေးနေပြီး ၁ ဧကကို အရင်နှစ်တွေက ၅ သောင်းချေးပေးရာမှ အခုနှစ်ပြီး ၁ သိန်းအထိ ထပ်မံထိုးချဲ့ချေးပေးခဲ့ပါတယ်။ အတိုးနှုန်းက ၁ နှစ်ကို ချေးငွေရဲ့ ၈ ရာခိုင်နှုန်း၊ ၁၀၀ ကျပ်ကို ၆၇ ပြား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013