DVB Logo
Home
ဆောင်းပါး
ကျပ်သိန်း ၁,၄၅၀ တန် ကမ္ဘာ့ဖလားပွဲလက်မှတ်နဲ့ ကြံ့ကြံ့ခံရမဲ့ မြန်မာ့ငရဲ
လင်းဆက်ငြိမ်းချမ်း
·
July 26, 2026
ကျပ်သိန်း ၁,၄၅၀ တန် ကမ္ဘာ့ဖလားပွဲလက်မှတ်နဲ့ ကြံ့ကြံ့ခံရမဲ့ မြန်မာ့ငရဲ
Donate to DVB

အခုကျင်းပပြီးစီးသွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲဝင်ခွင့် လက်မှတ်တစောင်ရဲ့ ဈေးဟာ မြန်မာငွေ ကျပ် သိန်း ၁,၄၅၀ ရှိတယ်လို့ ဖတ်လိုက်ရတော့ ပါးစပ်အဟောင်းသားဖြစ်ရတယ်။ လက်မှတ်တစောင် အမေရိကန်ဒေါ်လာ ၃၂,၉၇၀ တဲ့။

ကိုယ့်မျက်လုံးပဲ အဖတ်မှားတာလားလို့ နောက်တကြိမ် ထပ်ဖတ်ကြည့်မိတယ်။ ကိုယ့်မျက်လုံးက အမှားကင်းတာ သေချာသွားတော့ အားကစားကလောင်ရှင် သုညတလုံးပဲ မှားထည့်မိတာ များလားလို့ သံသယဖြစ်မိပြန်တယ်။ ဒါနဲ့ နောက်ဆက်တွဲအရေးအသားတွေကို ဆက်ဖတ်ကြည့် တော့ သုညတလုံး မှားထည့်မိတာ မဟုတ်။ တကယ့်ကို အမှန်အကန် သိန်း ၁,၄၅၀။ အဲဒါက ဈေး ကွက်ထဲမှာ ဖြစ်ခဲ့တဲ့ တရားဝင်ပေါက်ဈေးလို့ ဆိုတယ်။ တဆင့်ခံပြန်ရောင်းတဲ့ အဆင့်အမြင့်ဆုံးတန်း လက်မှတ်ပေါက်ဈေးက ဒေါ်လာ ၂ သန်းထိတောင် ရှိတယ်တဲ့။ 

ဆိုတော့ အမေရိကန်ဒေါ်လာ ၃၂,၉၇၀ ဆိုတာ သာမန် သူလိုကိုယ်လို ကြည့်ခွင့်ရတဲ့ လက်မှတ် တန်ဖိုးလို့ ထင်ရတယ်။ ကျနော့်စိတ်ထဲမှာက ကမ္ဘာ့ဖလားဘောပွဲလက်မှတ်ခ အလွန်ဆုံးရှိလှ ကျပ် သိန်း ၅၀၀ လောက်ပဲလို့ ထင်ထားတာကြောင့် တကယ့်ကို ရှော့ခ်ရတယ်။ ပြီးတော့ သိန်း ၁,၄၅၀ ဆိုတာ ဘောလုံးကစားတဲ့ မိနစ် ၉၀ နဲ့ ဆုပေးပွဲအချိန် အလွန်ဆုံးကြာလှ ၃ နာရီလောက်မှာ အခိုးအငွေ့ပင် မကျန်။   

ဒါနဲ့ အသက် ၂၀ ကျော်အရွယ် ကျောင်းပြီးတဲ့အချိန်ကစလို့ အခု ၅၃ နှစ်အရွယ်ထိ တောက် လျှောက်ဆိုသလို အလုပ်နဲ့လက် မပြတ်ခဲ့ရတဲ့ ကိုယ့်ဘဝကိုယ် ပြန်ငေးကြည့်မိတယ်။ ကျနော် အလုပ်လုပ်ခဲ့တဲ့ကာလက နှစ်ပေါင်း ၃၀။ ဒီ နှစ်ပေါင်း ၃၀ အတွင်း အင်ဂျင်နီယာဘဝ ၅ နှစ်ကလွဲ မီဒီယာ လောကသားအဖြစ် ဒီနေ့ထိတိုင်၊ မခိုးမဝှက် ကျင့်ဝတ်မဖျက်။ နှစ်ပေါင်း ၃၀ အတွင်း ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်ဉာဏ်ရည်နဲ့ စုဆောင်းပိုင်ဆိုင်ခဲ့တဲ့ အိမ်လေးတလုံးနဲ့ ငွေသားနည်းနည်းကို ပေါင်းနှုတ်မြှောက်စား လုပ်ကြည့်တော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၃ နာရီလောက် သွားအချိန်ဖြုန်းဖို့ရာ မတတ်နိုင်။ ဘာလို့ဆိုတော့ လက်မှတ်ခ တတ်နိုင်ဦးတော့ အမေရိကန်သို့ အသွားအပြန်စရိတ်က ရှိသေး။ ပြီးတော့ ဘောလုံးပွဲ ကျင်းပတဲ့မြို့မှာ နေထိုင်စားသောက်စရိတ်ကလည်း အပေါ်လေမိနေတယ် မဟုတ်လား။

သူငယ်ချင်းတယောက်ဆီကို အဲဒီကမ္ဘာ့ဖလားလက်မှတ်ခဆောင်းပါး လှမ်းပို့ကြည့်လိုက်ပြီး သိပ်မကြာ ဖုန်းဝင်လာတယ်။

“ဒီလက်မှတ်ခနှုန်းထားနဲ့က မိဘဆီက အမွေရတာတောင် ဘန်ကောက်လောက်မှာ ဘောပွဲ ကျင်းပမှ သွားကြည့်နိုင်မယ်။ ဘောလုံးပွဲကြည့်ပြီးရင်လည်း ကုန်းကောက်စရာ ကျန်မှာ မဟုတ်ဘူး” လို့ ဆိုတာကြောင့် ဘာပဲဖြစ်ဖြစ် ရယ်ဖြစ်သွားကြတယ်။

အခုလောလောဆယ်တော့ ဆမူဆာအသေးလေးတွေ ကျပ် ၁,၀၀၀ ဖိုး ၄ ခုကနေ ၃ ခုဖြစ်သွားတာ ကြောင့် ညစ်နေတယ်လို့ သူငယ်ချင်းက ဆက်ပြောတယ်။

“ဒီရက်ပိုင်းမှာပဲ အီကြာကွေးတချောင်း ၁,၀၀၀ ဖြစ်သွားပြီ။ ဆိုင်ကြီးတွေမှာ လက်ဖက်ရည် တခွက် ၃,၅၀၀။ ငါ လက်ဖက်ရည်ဆိုင် မထိုင်တော့တာ ကြာပြီ”တဲ့။ ရန်ကုန်ကို ကျစ်ကျစ်ပါဆုပ် ထားတဲ့ သူငယ်ချင်းက ဆိုတယ်။

ဘဝတသက်တာ အင်ဂျင်နီယာလုပ်ခဲ့တဲ့သူငယ်ချင်း ဘယ်လိုမှ မတတ်နိုင်တော့လို့ ၂၀၂၄ ခုနှစ်မှာ အသေးစား ဆောက်လုပ်ရေးကန်ထရိုက်တာဘဝကို လွှတ်ချ။ ကားလေးတစီးနဲ့ နိုင်ငံခြားပစ္စည်းအမှာတွေကို လိုက်ပို့ပေးနေတဲ့ ရန်ကုန်မြို့ရဲ့ လူလတ်တန်းစားတယောက်က ကြောက်မက်ဖွယ်ကုန်ဈေးနှုန်းတွေကို မျက်နှာထိမျက်နှာထားနဲ့ ပြန်မကြည့်နိုင်တော့တာမို့ သူကြိုက်တဲ့ ရွှေအိုရောင်ညနေခင်းတွေကို ဆိုင်မှာထိုင် စတိုင်မကျနိုင်တာလည်း ကြာ၊ အိမ်မှာပဲ တကိုယ်တော် ဖြစ်သလို အထီးကျန်။

“ဒါတောင် ငါတို့လင်မယား ၂ ယောက်တည်းရှိတာ။ မနက်ခင်း ဘရိတ်ဖတ်စ်ကို အိမ်မှာပဲ Home made လုပ်ပြီး စားတယ်။ မုန့်ဟင်းခါးစားချင်ရင် တပွဲဝယ်ပြီး ထမင်းနဲ့ရောပြီး ၂ ယောက်မျှ စားကြတယ်” လို့ ဘွင်းဘွင်းပဲ ပြောပြတယ်။

တချိန်က မီဒီယာလောကသား၊ ခေတ်မကောင်းတော့လို့ မားကက်တင်းလုပ်နေသူ မိတ်ဆွေ တဦးကလည်း ဆိုင်ဆိုရင် ဘယ်ဆိုင်မှ မထိုင်၊ ကြားကားတွေဘာတွေလည်း မစီးနိုင်တာကြောင့် နင် လားငါလား တိုးဝှေ့စီးရတဲ့ လိုင်းကားနဲ့သာ နှစ်ပါးသွားနေရတယ်လို့ ဆိုတယ်။

“ပေါ်တာအဆွဲခံရမှာလည်း ကြောက်ရသေးတယ်ဆိုတော့ ညနေ ရုံးဆင်းတာနဲ့ အိမ်တန်းပြန် ရတယ်”လို့ သူက ပြောပြတယ်။

ကုန်ဈေးနှုန်းတွေက နင်းကန်တက်တယ်။ မင်းအောင်လှိုင်ရဲ့ ဒေါ်လာချွေတာရေးအတွက် ပြည်သူကို ဒုက္ခပေးတဲ့စီမံချက်အရ စားအုန်းဆီဈေး တပိဿာ ကျပ် ၁၉,၀၀၀ အထိ ထိန်းမနိုင်သိမ်းမရ။ အစိုးရတု သတ်မှတ်ထားတဲ့ စားအုန်းဆီရည်ညွှန်းဈေးရဲ့  ၂ ဆကျော် ပြင်ပပေါက်ဈေး ခုန်တက်သွားတာအပြင် လိုသလောက် ဝယ်ယူလို့ မရတာကလည်း ပြဿနာကြီးတရပ်မို့ ရန်ကုန်မြို့က လမ်းဘေးအကြော်ဆိုင်များစွာ နေ့စဉ် ဆိုင်မဖွင့်နိုင်တော့ဘူးလို့ သတင်းတွေက ဆိုတယ်။

“အခု အကြော်တခု ကျပ် ၅၀၀ ကနေ ၇၀၀ ဖြစ်သွားတယ်။ ၃ ခုဝယ်ရင် ကျပ် ၂၀၀၀။ အကြော်ဆိုင်တွေလည်း မဖွင့်နိုင်တာများတယ်။ ဖွင့်တဲ့ဆိုင်တွေလည်း ဝယ်မစားနိုင်ကြလို့ ရောင်းအားထိုးကျသွားတယ်”လို့ လှိုင်မြို့နယ်၊ ၂ ရပ်ကွက်နေ အိမ်ရှင်မတဦးက ပြောပြတယ်။

စားအုန်းဆီဈေးတက်ပြီး အဝယ်လည်း ခက်တာကြောင့် စားအုန်းဆီနဲ့ဆက်စပ်တာမှန်သမျှ ဈေးထိုးတက်။ စားအုန်းဆီနဲ့ ဆက်စပ်မှုမရှိတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ဈေးတွေတက်။ အခု နောက်ဆုံးပေါ် ဈေးတက်ပြီး ပွဲဆူနေတာကတော့ ကြက်ဥတလုံး ၇၀၀။

“၈၈ တုန်းက ကြက်ဥတလုံး တကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲလို့ ကြွေးကြော်ခဲ့တာ သတိရတယ်။ ကြက်ဥတလုံး တကျပ်ခွဲ မတိုင်ခင်ကတည်းက အာဏာရှင်တွေကို တိုက်လာတာ အခု ၇၀၀ ဖြစ်သွားပြီ၊ တိုက်နေရတုန်းပဲ” လို့ အင်ဂျင်နီယာတဖြစ်လဲ သူငယ်ချင်းက ပြောတယ်။

ကမ္ဘာတခြမ်းမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၃ နာရီတောင် မရှိတဲ့ အချိန်ကို ကျပ်သိန်း ၁,၄၅၀ လောက်ပေးပြီး ပျော်ပျော်ကြီး ဖြုန်းနေတဲ့အချိန်မှာ ကျနော်တို့မြန်မာမှာတော့ စစ်ပွဲတွေ၊ ဗုံးကြဲခံရတာတွေ၊ အငတ်ဘေးသင့် နေတာတွေနဲ့ ငရဲလမ်းကို အလျားလိုက် ကူးနေကြရတာ မပြီးနိုင် မစီးနိုင်။

အခြေအနေက ဆက်ဆိုးလာဖို့ပဲ ရှိတယ်လို့ ရန်ကုန်ပြည်သူတွေက မျှော်လင့်ထားပြီးဖြစ်ကြောင်း သူငယ်ချင်းက ပြောတယ်။ ပြေးစရာမြေကလည်း မရှိတော့ ဘယ်လောက်ဆိုးဆိုး ရင်ဆိုင် ရုန်းဖို့သာ ရှိတာမို့ လက်သီးကိုသာ ကျစ်ကျစ်ပါဆုပ်ထားတယ်လို့လည်း ဆိုတယ်။

နွေဦးတော်လှန်ရေးက အခု ဘယ်နေရာကို ရောက်နေပြီလဲဆိုတော့ နွေဦးပြည်သူနဲ့ စစ်အာဏာရှင် ဘယ်သူ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတဲ့ ခံနိုင်ရည်။ ကျနော်တို့တောင့်ခံနိုင်ရင် ကျနော်တို့ အနိုင်ရရှိမှာ သိပ်သေချာတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013