DVB Logo
Home
မြန်မာသတင်း
အကျဉ်းဦးစီးဌာနက ပြန်စွန့်လွှတ်သည့် လယ်မြေများ လုံခြုံရေးဧရိယာထဲပါနေ၍ စိုက်ပျိုးခွင့်မရ
DVB
·
December 30, 2018
အကျဉ်းဦးစီးဌာနက ပြန်စွန့်လွှတ်သည့် လယ်မြေများ လုံခြုံရေးဧရိယာထဲပါနေ၍ စိုက်ပျိုးခွင့်မရ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာ အကျဉ်းဦးစီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတချို့ကို ပြန်စွန့်လွှတ်ပြီး လုပ်ပိုင်ခွင့်လက်မှတ်လည်း ရရှိထားပေမယ့် လုံခြုံရေး ဧရိယာထဲမှာ ပါနေတာကြောင့် စိုက်ပျိုးခွင့်မရဘူးဖြစ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဘားအံမြို့နယ်၊ လှာကဒေါင်၊ လှာကမြင်နဲ့ လက္ခဏကျေးရွာအုပ်စုတို့က မြေဧက ၈၀၀ လောက်ကို ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်ကစပြီး သိမ်းယူထားခဲ့တာပါ။

ဒီမြေတွေထဲက လက္ခဏရွာမှာပဲ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှု အတတ်သင်တန်းကျောင်းက မြေနည်းနည်းမှာ စိုက်ပျိုးရေးလုပ်ပြီး သုံးစွဲထားတာကြောင့် တခြားမြေအားလုံးက မြေလွတ်တွေ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒီမြေတွေကို ပြန်ပေးဖို့၊ လျော်ကြေးပေးဖို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီကို စာနဲ့တင်ပြတဲ့အခါ ၉၁ ဧက ကို ပြန်ပြီး စွန့်လွှတ်ပေးခဲ့ပါတယ်။

“၂၀၁၆ မှာ ပြန်စွန့်လွှတ်တယ်။ ၂၀၁၈ မှာ လယ်သမားတွေကို အပ်နှံတယ်။ ဒီထဲမှာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရထားသူတွေရဲ့ လယ် ၇၁ ဧက ကျော်ပါတယ်။ ဒါပေမယ့် ဒီလယ်တွေဟာ အကျဉ်းဦးစီးဌာနရဲ့ လုံခြုံရေးဧရိယာ ကိုက် ၄၀၀ ထဲမှာ ပါနေတာကြောင့် ဆိုပြီး စိုက်ပျိုးခွင့်မရဘူး” လို့ လယ်သမားတယောက်ဖြစ်တဲ့ စောခင်လှမြိုင်က ပြောပါတယ်။

စွန့်လွှတ်ဖို့ ကျန်နေသေးတဲ့ ဧက ၇၀၀ ကျော်ကိုလည်း စိုက်ပျိုးလုပ်ကိုင်တာ မရှိဘဲထားတယ်လို့ သူက ဆိုပါတယ်။

လယ်သမားတွေက ဗဟို မြေသိမ်းစိစစ်ရေးကော်မတီနဲ့ ပြည်ထဲရေး ဝန်ကြီးတို့ဆီ စာတွေပေးပို့ တိုင်ကြားပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းမှာတော့ မြို့နယ် မြေစစ်ကော်မတီက လယ်သမားတချို့ကို ခေါ်ယူတွေ့ဆုံ စစ်ဆေးခဲ့ပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆွေထက်အောင်က “ဒီကိစ္စကို ခရိုင်ကို တင်ပေးထားပါတယ်။ အခုကတော့ ဘယ်သူ့ကိုပေးမယ်၊ မပေးဘူးဆိုတာ ကျနော် မပြောနိုင်ပါဘူး” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လအထိ ဗဟိုကော်မတီအပါအဝင် သက်ဆိုင်ရာ မြေသိမ်းမှု စိစစ်ရေး ကော်မတီအရပ်ရပ်ဆီကို တိုင်ကြားစာအမှုတွဲပေါင်း ၅၀၀၀ ကျော်ရောက်ခဲ့ပြီး အခု အစိုးရလက်ထက်မှာ မြေဧကပေါင်း ၄ သိန်းလောက်ကို တောင်သူတွေဆီ ပြန်လွှဲပေးနိုင်ခဲ့တယ်လို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013