DVB Logo
Home
မြန်မာသတင်း
ကျိုက်မရော အကျဉ်းထောင်သစ်တွင် အကျဉ်းသား ၆၀ ကျော် စတင်ထိန်းသိမ်း
DVB
·
December 13, 2018
ကျိုက်မရော အကျဉ်းထောင်သစ်တွင် အကျဉ်းသား ၆၀ ကျော် စတင်ထိန်းသိမ်း
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအနီးမှာ ဆောက်လုပ်နေတဲ့ ကျိုက်မရောအကျဉ်းထောင်သစ်မှာ အကျဉ်းသားကျပ်တည်းတဲ့ အကျဉ်းထောင်တွေက အကျဉ်းသား ၆၀ ကျော်ကို စတင်လက်ခံ ထိန်းသိမ်းထားတယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနက ပြောပါတယ်။

လက်ရှိ အကျဉ်းသား ၁၀၀၀ ဆန့် (က) အဆင့် မော်လမြိုင်အကျဉ်းထောင်ဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီး လက်ခံထားတဲ့ အကျဉ်းသားဦးရေမှာလည်း ၂၀၀၀ ဝန်းကျင် ရှိနေတဲ့အတွက် ခံနိုင်ဝန်ထက် နှစ်ဆများပြားနေတာကြောင့် ကျိုက်မရောအကျဉ်းထောင်ကို အကျဉ်းသားတွေ လွှဲပြောင်းထိန်းသိမ်းဖို့ စီစဉ်နေတာပါ။

မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က “သတ်မှတ်ထားတာတော့ အကျဉ်းသား ၁၀၀၀ လောက် ထားမယ်ပေါ့။ ဒါပေမယ့် နောက်ထပ် အကျဉ်းသားတွေ ထပ်ထားလို့ရှိရင် အဆင်သင့်ဖြစ်နေအောင်၊ လုပ်ငန်းလည်ပတ်နိုင်အောင်လို့ အခုဆို အကျဉ်းသားထားထားတာ ၆၀ ကျော်လောက် ရှိသွားပြီ။ ထောင်ကတော့ မဖွင့်သေးဘူး။ ထောင်ဖွင့်ခွင့်ကျပြီဆိုရင် အကျဉ်းသားကျပ်တည်းနေတဲ့ ထောင်တွေက အကျဉ်းသားတွေကို ပြောင်းရွှေ့မှာဖြစ်တဲ့အတွက် သူတို့လာရင် အဆင်သင့်ဖြစ်အောင်လို့ အကျဉ်းသား ၆၀ ကျော်လောက် ထားထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ကျိုက်မရောအကျဉ်းထောင်သစ်ဟာ ပင်မအဆောက်အဦ အပါအဝင် အကျဉ်းသားအိပ်ဆောင်၊ မိလ္လာစနစ်နဲ့ ရေဖြန့်ဝေမှုစနစ်တွေလည်း ပြီးစီးပြီဖြစ်တဲ့အတွက် အကျဉ်းသားတွေ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အဆင်ပြေနေပြီလို့ ဆိုပါတယ်။

“ကိုယ်တို့က ဘဏ္ဍာရေးနှစ်အလိုက် ရတဲ့ ဘတ်ဂျက်ငွေအပေါ် မူတည်ပြီး တည်ဆောက်နေတာ ဖြစ်တဲ့အတွက် တနှစ်တည်းနဲ့ အကုန်အပြီး လုပ်တာမျိုးတော့ မဟုတ်ဘူး။ တနှစ်ကို ၅ မျိုး၊ ၆ မျိုးလောက် ဆောင်ရွက်တယ်။ တခြားထောင်တွေ ကျပ်တည်းမှုကို ဖြေလျော့ပေးတဲ့အနေနဲ့ ကျိုက်မရောထောင်မှာ အကျဉ်းသားတွေ လက်ခံဆောင်ရွက်နေပြီ။ ကျိုက်မရောအကျဉ်းထောင်က ၉၀ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီ။ ထောင်ကြီးတခုလုံးကတော့ ထားလို့ရတယ်။ အဲ့ဒီမှာ ကျန်တဲ့ လမ်းလေးတွေ ဖောက်ထားပြီးတော့ ခင်းဖို့၊ အကျဉ်းထောင်ပတ်လမ်းအပြင်က ဝန်ထမ်းလိုင်းခန်းလေးတွေမှာ မီးတပ်ဆင်ဖို့တွေ နည်းနည်းလေး ကျန်သေးတယ်။ ကျိုက်မရော-မော်လမြိုင် လမ်းမကြီးနဲ့ ကျိုက်မရော အကျဉ်းထောင် ဆက်သွယ်တဲ့ လမ်းခင်းဖို့လေးတွေ၊ ဒါလေးတွေပဲကျန်တော့တယ်။”

ကျိုက်မရောအကျဉ်းထောင်သစ်ဟာ အကျဉ်းသား ၁၀၀၀ ဆန့် (က) အဆင့် အကျဉ်းထောင်ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်ကတည်းက စတင်တည်ဆောက်ခဲ့ကာ မြေဧက ၂၅၆ ဒသမ ၆၆ ကျယ်ဝန်းတယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013