နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်၊ အာရီကို ကျေးရွာမှာရှိတဲ့ ဘတ်ပ်တစ် ခရစ်ယာန် ဘုရားကျောင်းတခုကို အီစတာတနင်္ဂနွေနေ့ မနက် ၈ နာရီ ဝတ်ပြုဆုတောင်းပွဲအတွင်း သေနတ်ကိုင်ဓားပြတွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် လူ ၅ ယောက် သေဆုံးပြီး ၃၅ ယောက်လောက် ပြန်ပေးဆွဲခံလိုက်ရလို့ ဒေသခံတွေ တုန်လှုပ်ချောက်ချားနေကြပါတယ်။
သင်းအုပ်ဆရာ ဆန်ဒေးဂါဂျေးရီက သမ္မာကျမ်းစာ ဖတ်ပြနေတုန်းမှာပဲ လက်နက်ကိုင်ဓားပြတွေဟာ ဆိုင်ကယ်တွေနဲ့ အုပ်စုလိုက်ရောက်လာပြီး ထွက်ပြေးသူတွေကို လိုက်လံပစ်ခတ်ခဲ့ကာ မိနစ် ၂၀ အတွင်းမှာတင် အပြီးသတ် စီးနင်းသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
လူတွေကို ဖမ်းခေါ်သွားချိန်မှာ ရွာသားတွေက နောက်ကနေ လိုက်သွားခဲ့ကြသေးပေမဲ့ ဓားပြတွေ ဘယ်ဘက်ကို ပျောက်သွားတယ်ဆိုတာ ရှာမတွေ့ခဲ့ကြပါဘူး။
အာရီကို ကျေးရွာသား တီမိုသီ ဝါဇရီဟာ ဒီဖြစ်ရပ်မှာ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကတင် သူ့အစ်ကိုဖြစ်သူဟာ လယ်ထဲမှာ အလုပ်လုပ်ရင်း ဒီဓားပြတွေရဲ့ လက်ချက်နဲ့ပဲ သေဆုံးခဲ့ရတာပါ။ အစ်ကိုရော အဖေပါ အသတ်ခံလိုက်ရလို့ တမိသားစုလုံးလည်း ဖရိုဖရဲဖြစ်ပြီး အားကိုးရာမဲ့ကြရပါပြီလို့ ဝါဇီရီက ဆိုပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဒုတိယရဲချုပ် ရှက်ဒူ နာဒါဒါဟာ မြို့တော် အဘူဂျာကနေ အခင်းဖြစ်နေရာကို တိုက်ရိုက် ရောက်လာစစ်ဆေးခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့နဲ့ တခြားလုံခြုံရေးအဖွဲ့တွေဟာ အခြေအနေကို ပူးပေါင်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။
ဒုရဲချုပ်က “ဘုရားကျောင်းတွေ တိုက်ခိုက်ခံရပြီး လူ ၅ ယောက် သေဆုံးတယ်ဆိုတဲ့ သတင်းရရချင်း အခြေအနေတွေကို ကိုယ်တိုင်လာကြည့်တာပါ” လို့ ပြောပါတယ်။
ဒီ အီစတာ တိုက်ခိုက်မှုဟာ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းက ကျေးလက်ဒေသတွေမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေကြောင့် လုံခြုံရေးမတည်ငြိမ်မှုတွေ ဆိုးရွားနေမှုကို ပြသနေပါတယ်။
အဲဒီဒေသမှာ လက်နက်ကိုင် ဓားပြအဖွဲ့တွေက နှစ်တွေကြာအောင် ကျေးရွာတွေကို ဝင်ရောက် တိုက်ခိုက်၊ လူတွေကို ဖမ်းဆီးပြီး ပိုက်ဆံတောင်းတာတွေ ဆက်တိုက်လုပ်နေကြပါတယ်။
Source: Reuters











