DVB Logo
Home
မြန်မာသတင်း
မွန်တွင် ယခုနှစ်အတွင်း မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရသူ ၆၇၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ်ပြော
DVB
·
December 17, 2018
မွန်တွင် ယခုနှစ်အတွင်း မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရသူ ၆၇၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ်ပြော
Donate to DVB

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေကြောင့် ဖမ်းဆီးခံရတဲ့ တရားခံ ၆၇၆ ဦးအထိ ရှိနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးစတဲ့ မဏ္ဍိုင် ၃ ရပ် တွေ့ဆုံပွဲမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြစဉ် ပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံက “မူးယစ်ဆေးဝါးမှုအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းဖမ်းဆီးရမိမှု ၄၇၃ မှု၊ ဖမ်းဆီးရမိမှု တရားခံပေါင်း ၄၈၁ ဦး၊ စုစုပေါင်း ဖမ်းဆီးရမိမှု တန်ဖိုးငွေ ကျပ် ၅၁၈ သန်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိမှု စုစုပေါင်း ၄၀၆ မှု၊ ဖမ်းဆီးရမိတဲ့ တရားခံပေါင်း ၆၇၆ ဦး၊ စုစုပေါင်း တန်ဖိုးငွေ ၁၄၆၂ သန်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်ကာကွယ်တားဆီးရေး အဖွဲ့ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအထိ ကာကွယ်တားဆီးရေးတွေဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

နိုင်ငံမှာ အရည်အချင်းရှိတဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့ မူးယစ်ဆေးဝါးကို နှိမ်နင်းနိုင်ဖို့ လိုအပ်ပြီး မူးယစ်ဆေးဝါးမှုတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေတယ်လို့ သမ္မတကပြောပါတယ်။

“အရည်အချင်းရှိတဲ့ အနာဂတ်ခေါင်းဆောင်တွေ တက်လာနိုင်ဖို့အတွက် မူးယစ်ဆေးဝါးကို နှိမ်နင်းနိုင်မှ သာယာဖြောင့်ဖြူးတဲ့ပန်းတိုင်ကို ရောက်မှာပါ။ ကျနော့်ဆီမှာ ဌာနဖွင့်ပြီးတော့ ၂၄ နာရီ တာဝန်ပေးထားတာ။ သတင်းပေးရင် ပြည်ထဲရေးဝန်ကြီးဌာနဆီ ပို့မယ်။ ပို့တဲ့အခါမှာ သတင်းလုံခြုံမှုရှိအောင် ဖမ်းရမယ့်နေရာကိုပဲပို့မယ်။ ကျနော့်ကို သတင်းပေးတဲ့သူကို နာမည်ရော၊ နေရပ်လိပ်စာရော အကုန်ဖျောက်ထားပေးမယ်။ စိတ်မကောင်းစရာတခုက တချို့ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်။ သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရှိတဲ့သူတွေ၊ အာဏာရှိတဲ့သူတွေ ၀င်ရောက်စွက်ဖက်နေတယ်။ ဘယ်လိုပဲ ပါဝင်ပတ်သက်နေပါစေ ကြီးကြီးငယ်ငယ်မရွေး ဥပဒေအရ အရေးယူမှာပဲ။ သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး ဖမ်းရမယ့်ကိစ္စကို မဖမ်းဘူး။ ဖမ်းရမယ့်ကိစ္စကို ကွင်းဆက်ပြတ်အောင်မလုပ်ပါနဲ့” လို့ ပြောပါတယ်။

မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးလင်းဗိုလ်နောင်က အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေသူတွေ ပိုများလာတယ်လို့ ပြောပါတယ်။

“ဒီနှစ်ပိုများတယ်။ အခုလည်း အကျဉ်းသားကြပ်တည်းတဲ့ အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်အသစ် (ကျိုက်မရောအကျဉ်းထောင်) ကို လွှဲပြောင်းထားတယ်။ အကျဉ်းသားတချို့မှာလည်း အိပ်ခ်ျအိုင်ဗွီပိုးရှိလို့ အေအာတီ ဆေးသောက်နေရတဲ့သူတွေရှိတယ်။ များသောအားဖြင့် သူတို့တွေက မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ၊ ခန္ဓာကိုယ်နဲ့ရင်းပြီး အလုပ်လုပ်ရတဲ့သူတွေဖြစ်တယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်က မူးယစ်ဆေးဝါးပြဿနာတွေဟာ ကျောင်းသား၊လူငယ်တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အရင်မွန်လွှတ်တော်အစည်းအဝေးတွေမှာလည်း မူးယစ်ဆေးဝါးမှုတွေနဲ့ ပြစ်ဒဏ်ခံရသူတွေ ထောင်မဆံ့အောင် များနေတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

မြန်မာတနိုင်ငံလုံးမှာ မွန်ပြည်နယ်ဟာ မူးယစ်ဆေးဝါးကို ဒုတိယအများဆုံးသုံးတဲ့ ပြည်နယ်တခုဖြစ်ပြီး လူငယ် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက် မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့ ရင်ဖွင့်စကားသံများ မူးယစ်ဆေးဝါး အစီရင်ခံစာကို ပြုစုခဲ့တဲ့ မွန်လူငယ်ပညာပေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013