DVB Logo
Home
မြန်မာသတင်း
မွန်နှင့်ကရင်ပြည်နယ်တွင်း မိုင်းခွဲကျောက်ထုတ်လုပ်မှုများ ရပ်တန့်ရန် တောင်းဆို
DVB
·
November 28, 2016
မွန်နှင့်ကရင်ပြည်နယ်တွင်း မိုင်းခွဲကျောက်ထုတ်လုပ်မှုများ ရပ်တန့်ရန် တောင်းဆို
Donate to DVB

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း မိုင်းခွဲပြီး ကျောက်ထုတ်လုပ်တဲ့လုပ်ငန်းကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေပျက်စီးနစ်နာတဲ့အပြင် သဘာဝစမ်းချောင်းရေပျက်စီးတဲ့အတွက် ကျောက်မိုင်းခွဲထုတ်လုပ်မှုတွေ ရပ်တန့်ဖို့ ဒေသခံတွေက တောင်းဆို လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန် အင်းစိန်မှာရှိတဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနဲ့ စာသောက်ကုန်ထုတ်လုပ်ငန်းပေါင်စုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရုံးမှာ ဒေသခံတွေက သတင်းစာရှင်းလင်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ကုလားမတောင်တန်းတောင်ပေါ်မှာ Long Life Aggeregae mining ကျောက်ထုတ်လုပ်ကုမ္ပဏီက ကျောက်ထုတ်လုပ်မှုကြောင့် လယ်မြေ ဧက ၂၀၀ လောက် အထိပျက်စီးဆုံးရှုံးခဲ့ရသလို ကျေးရွာ ဥယျာဉ်ခြံမြေတွေ၊ ရေတွင်း ရေကန် တွေပါ ပျက်စီးကုန်တယ်လို့ တောင်ခြေမှာရှိတဲ့ ဥတံ္တတားကျေးရွာ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဇာနည်သွေးက “ ရန်ကုန်နဲ့မော်လမြိုင်သွားတဲ့ လမ်းမကြီးဘေးမှာရှိတဲ့ ကုလားမတောင်ဟာ ဇင်းကျိုင်း တောင်တန်းကြီးနဲ့ တဆက်ထဲလေ။ ရေတံခွန်တွေစီးပြီးသဘာဝပတ်ဝန်းကျင်က အရမ်းလှတာ။ အဲဒီတောင်ကြီးကပျက်စီးလာပြီ။ တောင်ကတုံးကြီးဖြစ်လာရပြီ၊ အဲဒီအောက်မှာ ရှိနေတဲ့ လယ်ယာမြေတွေအကုန်လုံးက ဒီကျောက်ထုတ်လုပ်မှုကြောင့် ဒီကနေ ဆင်းသွားတဲ့ရေ၊ ဆင်းသွားတဲ့ မြေကြီးကြောင့်မို့ လယ်ယာမြေ ၂၀၀ နီးပါးပျက်စီးပါတယ်။ အစိုးရက သတ္တုနဲ့ပတ် သက်လို့ ကျောက်မိုင်းတွေခွဲတာကို ခွင့်ပြုနေတာတွေဟာ ဒေသခံ ပြည်သူတွေအတွက် ဆိုးကျိုးတွေကြီးကြီးမားမားဖြစ်ပါတယ်” လို့ပြောပါတယ်။

အဆိုပါ ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီဟာ လမ်းခင်းကျောက်တွေ ထုတ်လုပ်ဖို့အတွက် ပြီးခဲ့တဲ့အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်မှာ လုပ်ကိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အလားတူ ကရင်ပြည်နယ်က ဘားအံမြို့နယ်ကော့ရင်းအထက်ကျေးရွာအုပ်စု ထဲက တောင်ကုန်းကျေးရွာမှာလည်း တိမ်တံခွန် ဓါတ်သတ္ထုထုတ်လုပ်ရေးကုမ္ပဏီရဲ့ တူးဖော်ထုတ်လုပ်တာတွေကြောင့် ဒေသခံတွေရဲ့ ဥယျာဉ်ခြံ မြေတွေ၊ သာသနိကအဆောက် အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ ဦးဇာနည်သွေးက ပြောပါတယ်။

“တောင်ကုန်းကျေးရွာ၊ သံလွင်မြစ်အနောက်ဖက်ခြမ်းနဲ့ တဆက်တည်းမှာရှိတဲ့ တောင်ကြီးပါ။ အဲဒါကလည်း သီတာအေးလှိုင်ဂူလို့ခေါ်တဲ့ ကျနော်တို့ ရှေ့ဟောင်းအမွေအနှစ် စေတီပုထိုး အကုန်ရှိတဲ့ လှိုင်ဂူကြီးပေါ့နော်။ အဲဒီလှိုင်ဂူကြီးအပေါ် မှာရှိနေတဲ့ ကျောက်တောင်ကြီးကို တောင်ကလေးလို့ခေါ်တယ်။ အဲဒီတောင်ကို ခွဲတာ။ ကျောက် မိုင်းတွေခွဲတဲ့အခါကျတော့ အောက်မှာရှိတဲ့ သာသနိက အဆာက်အအုံတွေ ပျက်စီးတယ်။ လယ်ယာမြေဧက ၃၀ ကျော်လုံးဝပျက်စီးသွားတယ်။ စိမ့်စမ်းရေသောက်တဲ့လယ်ယာမြေ အကုန်လုံး ဒီနှစ်ရပ်ဆိုင်းသွားပြီပေါ့။ ဒါတွေနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေ ထိတ်လန့် တကြားဖြစ်ရတယ်။ ဘေးအန္တရာယ်တွေ ကြီးကြီးမားမားဖြစ်ပေါ်လာရတယ်။ အဲဒီအပေါ်မှာ ဒေသခံတွေက ကျောက်မိုင်းတွေ ရပ်ဆိုင်းပေးဖို့ စုပေါင်း တောင်းဆိုကြတာပါ။ ”

ဒီဓါတ်သတ္ထုထုတ်တဲ့နေရာဟာဟာ ၂၀၀၄ ခုနှစ်က အသေးစားလုပ်ငန်း လုပ်ကိုင်တာ ကနေ ၂၀၁၄ ခုနှစ်မှာ တိမ်တံခွန် ကုမ္ပဏီက လွှဲပြောင်းယူခဲ့ပြီး ထုတ်လုပ်တာတွေကိုလဲ အကြီးစားအဆင့် ပြောင်းလဲခဲ့တာပါ။
အခုလို ကျောက်ထုတ်တာတွေနဲ့ ဓါတ်သတ္ထုထုတ်တာတွေကြောင့် လယ်သမားတွေအပေါ် ထိခိုက်နစ်နာနေတာတွေကို အရေးယူ ဆောင်ရွက်ဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေကို တိုင်ကြားခဲ့ပေမယ့် တစုံတရာ အရေးယူဆောင်ရွက် ပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေ ဘက်ကိုရော အစိုးရတာဝန်ရှိသူတွေ ဘက်ကိုပါ ဒီဗွီဘီက မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013