DVB Logo
Home
မြန်မာသတင်း
မတရားဖမ်းဆီးရိုက်နှက်ခဲ့သည့် သံဆိပ်ရဲကင်းမှူးကို အရေးယူခြင်းမရှိ၍ ဆန္ဒပြမည်
DVB
·
December 11, 2018
မတရားဖမ်းဆီးရိုက်နှက်ခဲ့သည့် သံဆိပ်ရဲကင်းမှူးကို အရေးယူခြင်းမရှိ၍ ဆန္ဒပြမည်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ သံဆိပ်ရဲစခန်းမှူးက မတရားဖမ်းဆီးပြီး ရဲစခန်းအတွင်း ရိုက်နှက်တဲ့အပေါ် တိုင်ကြားထားပေမယ့် အရေးယူဖြေရှင်းပေးခြင်း မရှိလို့ ဆန္ဒပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီအချိန်က လင်မယား ၂ ဦး အိပ်ပျော်နေစဉ် ရဲတပ်ဖွဲ့ဝင်တွေ နေအိမ်ပေါ်တက်လာပြီး နေ့လယ်က တရွာတည်းသားချင်း တယောက်တခွန်း စကားများတဲ့ကိစ္စနဲ့ ပတ်သက်လို့ ယောကျာ်းဖြစ်သူ ကိုဇော်မြတ်လင်းကို လက်ထိတ်ခတ် ဖမ်းဆီးသွားကြောင်း ဇနီးဖြစ်သူ မစုက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ သံဆိပ်ရဲစခန်းကို လိုက်သွားခဲ့ရာ ခင်ပွန်းဖြစ်သူ ကိုဇော်မြတ်လင်းမှာ ဘယ်ဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ၊ မျက်နာညိုမည်းဒဏ်ရာ၊ တုတ်နဲ့ ကျောကိုရိုက်ထားတဲ့ ဒဏ်ရာ၊ ဝမ်းဗိုက်ကို ကန်ထားတဲ့ဒဏ်ရာ၊ နှာခေါင်းက သွေးယိုစီးကျနေတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဇနီးက ဆိုပါတယ်။

ခင်ပွန်းဖြစ်သူကို မေးမြန်းကြည့်ရာ သံဆိပ်စခန်းမှူးက လက်ထိတ်ခတ်ပြီး ဒူးထောက်ထိုင်ခိုင်းကာ မျက်နှာကို လက်သီးနဲ့ထိုး၊ ကျောကို တုတ်နဲ့ရိုက်၊ ဝမ်းဗိုက်ကို ခြေထောက်နဲ့ကန်၊ တံတောင်နဲ့ထောင်းခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇနီးဖြစ်သူ မစုက “ကျမယောက်ျား ခုလိုရိုက်နှက်ခံရတာကိုမြင်တော့ ကျမယောက်ျားမှာ ဘာအပြစ်ရှိလို့ အခုလို ထိုးကြိတ်ရိုက်နှက်ထားရတာလဲလို့ အချုပ်စောင့်တွေကိုမေးတော့ ရဲသားတွေက သူတို့မလုပ်ဘူး၊ ရဲကင်းမှူးသာ ရိုက်တာလို့ ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတိုင်မယ်ဆိုပြီး ရွှေကျင်မြို့က ဦးမျိုးဝင်းကို ကျမဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တယ်။ ဖုန်းဆက်တာကို ရဲကင်းမှူးက မြင်သွားပြီး နင်ဘယ်သူ့ကို ဆက်နေတာလဲမေးတော့ အသိ သတင်းထောက်တယောက်ကို ဆက်နေတာလို့ ပြောလိုက်တယ်။ အဲ့ဒါကို နင်လည်းအရှုပ်ပဲ၊ နင့်ကိုပါ ဖမ်းတယ်ဆိုပြီး ကျမကိုပါ အချုပ်ထဲထည့်လိုက်တယ်။ ကျမမှာက ကိုယ်ဝန်ကြီးနဲ့ပါ၊ မလုပ်ပါနဲ့ဆိုတာ မရဘူး။ ညကျ နင်နဲ့ပါတွေ့မယ် ခြိမ်းခြောက်ပြီး ယောက်ျားတွေနေတဲ့ အချုပ်ထဲ ကျမကိုပါ ထည့်လိုက်တယ်” လို့ ပြောပါတယ်။

ရွှေကျင်မြို့မ ရဲစခန်းမှူးကို သံဆိပ်ရဲကင်းမှာ လင်မယားနှစ်ယောက် မတရားဖမ်းဆီး ရိုက်နှက်ခံရတယ်ဆိုတာကို လှမ်းအကြောင်းကြားမှ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ရဲစခန်းအတွင်း ရိုက်နှက်ခံခဲ့ရတာကြောင့် ရွှေကျင် ကုတင် ၁၀၀ ဆေးရုံမှာ ၁၂ ရက်ကြာ ဆေးကုသခံယူခဲ့ရတယ်လို့ ဦးမျိုးဝင်း (ရွှေကျင်သတင်းထောက်) က ပြောပါတယ်။

“ခုအရိုက်ခံရတဲ့ ကောင်လေးက ဒဏ်ရာတွေ မသက်သာသေးဘူး။ ပိုက်ဆံမတတ်နိုင်လို့သာ ဆေးရုံက ဆင်းလာရတာ။ ခုထိ ဆေးသောက်နေရတုန်း။ မြို့မစခန်းမှူးက ဒီပြဿနာကို ရှင်းပေးမယ်ပြောပြီး ခုချိန်အထိ မရှင်းပေးဘူး။ ခု ကလေးတွေက ဆေးရုံကဆင်းပြီးကတည်းက သူတို့ရွာ သူတို့ မပြန်ရဲဘူး။ ရဲကင်းမှူးက အဲ့ရွာမှာပဲ ရှိနေတဲ့အတွက် အရမ်းကြောက်ပြီး နောက်ထပ် အဲလိုခေါ်ပြီး ရိုက်နှက်မှာကို အတော်ကြောက်နေကြတယ်" လို့ ဆိုပါတယ်။

မြို့မစခန်းမှူး ဒုရဲမှူးကျော်လွင်ဦးက "အပေါ်ကိုတော့ တင်ပြထားပါတယ်။ ခရိုင်မှာပဲ ဘုတ်ထိုင်ပြီး ဆုံးဖြတ်မလား၊ တိုင်းကိုပဲ ဆက်တင်မလား၊ အောက်မှာတင် စုံခုံလုပ်မလား၊ ဘယ်လိုလုပ်မလဲ အဲ့ဒါတော့ မသိသေးဘူး" လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေကျင်မြို့နယ် သံဆိပ်ရဲကင်းမှူးကို ဒီဗွီဘီက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပေမယ့် မေးမြန်းခွင့် မရရှိခဲ့ပါဘူး။

မတရားရိုက်နှက်ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ ရှိနေကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တကြိမ်၊ နိုဝင်ဘာ ၂၉ ရက်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို တကြိမ် တိုင်ကြားခဲ့ပေမယ့် ခုအချိန်အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိတာကြောင့် ဆန္ဒပြတောင်းဆိုသွားမယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013