DVB Logo
Home
မြန်မာသတင်း
ရဲစခန်းကို ပိုက်ဆံအတု ကိုယ်တိုင်သွားအပ်ပြီးမှ ဖမ်းဆီးခံရခြင်းဖြစ်ဟု နစ်နာသူဘက်ကပြော
DVB
·
December 9, 2018
ရဲစခန်းကို ပိုက်ဆံအတု ကိုယ်တိုင်သွားအပ်ပြီးမှ ဖမ်းဆီးခံရခြင်းဖြစ်ဟု နစ်နာသူဘက်ကပြော
Donate to DVB

ကျပ် ၁၀၀၀၀ တန်အတု ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒိုက်ဦးက အမျိုးသမီးဟာ ရဲစခန်းကို ကိုယ်တိုင်သွားအပ်ပြီးမှ ဖမ်းဆီးခံရတာလို့ နစ်နာသူရဲ့ မိခင်နဲ့ရဲစခန်းကို အပ်ဖို့ အကြံပြုခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒီဗွီဘီကိုပြောပါတယ်။

ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ နော်သော့သွဲ့ထူး ၂၅ နှစ်ဟာ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ က ဖမ်းဆီးခံခဲ့ရတာပါ။

ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာ သတင်းအရ ရှာဖွေဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ကာယကံရှင်မိသားစုနဲ့ ကူညီပေးနေသူတွေကတော့ ရဲစခန်းကို ကနဦးအနေနဲ့ ကိုယ်တိုင်သွားရောက်အပ်ခဲ့တာလို့  ပြောပါတယ်။

နော်သော့သွဲ့ထူးရဲ့ မိခင် ဒေါ်သီသီခိုင်က “ကျမနဲ့နှစ်ယောက် ရဲစခန်းကို အရင်သွားအပ်တာပါ။ ပြီးမှ ရဲက အိမ်ကို လိုက်လာပြီး ရှာဖွေပြီး ဖမ်းလိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM၊ ရွှေ့ပြောင်းအလုပ်သမား ဌာန၊ ဌာနမှူး ဒေါ်ထွေးထွေးငယ်က “ဒိုက်ဦးကတဆင့် ကျမတို့ဆီကို ဆက်သွယ်တယ်။ သူလည်း မသိလို့ သုံးခဲ့မိတယ် ပြောထားတော့။ ဆက်မထားနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါခေါ်ပြီး သွားအပ်ပါလို့ အကြံပေးလိုက်တယ်။ သူလည်း ၆ ရက်နေ့မှာ သွားအပ်တယ်။ ၇ ရက်နေ့ကျတော့ အဖမ်းခံရတာတွေ တက်လာတာတွေ့ရတာပဲ။ သေချာတာကတော့ အခုအဖမ်းခံရသူက ရဲစခန်းကို ကိုယ်တိုင်သွားအပ်ခဲ့တာပါ” လို့ ပြောပါတယ်။

နော်သော့သွဲ့ထူးထံကနေ ရဲတပ်ဖွဲ့က ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးရမိခဲ့တယ်လို့  ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ဆေးချက်အရ နော်သော့သွဲ့ထူးက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ဖို့အတွက် သူ့ရဲ့လုပ်အားခတွေကို အိမ်ရှင် အမျိုးသမီးက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စင်ကာပူနိုင်ငံက MM Sharife Trader မှာ စင်ကာပူဒေါ်လာ ၃၁၂၃.၃၉ ကို သွားရောက် လဲလှယ်ပြီး ရရှိတဲ့ မြန်မာငွေ ၂,၉၆၀,၀၀၀ ကျပ် သူ့ကိုပေးခဲ့တယ်လို့  ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နော်သောဘွဲ့ထူးကို ဒိုက်ဦးမြို့မရဲစခန်းက(ပ)၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူပြီး ပုဒ်မ ၁၀၅ ဟာ ထောင်ဒဏ် ၃ နှစ်နဲ့ငွေဒဏ်၊ ပုဒ်မ ၁၀၆ ဟာ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်ကနေ နှစ်၂၀ ထိ ချမှတ်နိုင်တယ်လို့ ၂၀၁၃ ဗဟိုဘဏ် ဥပဒေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013