DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် ရဲတဦး၏သေနတ် ကျည်ပေါက်ထွက်၊ အချုပ်သား ဒဏ်ရာရ
DVB
·
February 9, 2018
ညောင်လေးပင်တွင် ရဲတဦး၏သေနတ် ကျည်ပေါက်ထွက်၊ အချုပ်သား ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီလောက်က တာဝန်ကျ ရဲတပ်သားတဦးရဲ့ သေနတ်က ကျည်ပေါက်ထွက်ပြီး အချုပ်ခန်းထဲက အချုပ်သား ၁ ဦး သေနတ်ဒဏ်ရာရသွားတယ်လို့ မြို့မစခန်းကသိရပါတယ်။

ညောင်လေးပင်မြို့မစခန်းရှေ့မှာ မနက် ၈ နာရီက ၁၀ နာရီအချိန်ထိ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား နိုင်ထူးအောင်ကို MA -13 သေနတ် အမှတ် Q-44261၊ ၉-မမ ကျည် ၁၀ တောင့်ကို စခန်းက ထုတ်ပေးထားတာ ဖြစ်ပါတယ်။

ရဲတပ်သား နိုင်ထူးအောင်ဟာ ခွင့်ပြုချက် တစုံတရာမရှိဘဲ တာဝန်ကျနေရာက စွန့်ခွာပြီး  အမျိုးသားအချုပ်ခန်းအမှတ် ၂ ရှေ့ကိုအသွားမှာ ကိုင်ဆောင်ထားတဲ့ MA-13 သေနတ်ကနေ ကျည်ပေါက်ထွက်သွားတာလို့ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ကျည်ပေါက်ထွက်မှုကြောင့် အချုပ်ခန်း အမှတ်-၂ မှာ ချုပ်နှောင်ထားတဲ့ ပြည်ပ အလုပ်အကိုင်အမှုနဲ့ ရင်ဆိုင်နေရတဲ့ အချုပ်တရားခံ ဇေယျာဦးကို ကျည် ၂ ချက် ထိမှန်ခဲ့ပြီး ညာလက်မောင်းမှာ ကျည်ဖောက်ထွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းမှာ ကျည်ဖောက်ထွင်းပြီး ဝဲဘက်လက်ပြင်အောက်မှာ ကျည်ဆန်ဝင်ရောက်ဒဏ်ရာ ၁ ချက် ရရှိခဲ့တယ်လို့လည်းပြောပါတယ်။

ဒဏ်ရာရသွားတဲ့ အချုပ်သား ဇေယျာဦးကို ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံကို အတွင်းလူနာအဖြစ် ပို့ဆောင်ထားရှိခဲ့ပြီး ညောင်လေးပင်ဆေးရုံကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ထပ်မံပို့ဆောင်ထားရပါတယ်။

ညောင်လေးပင်မြို့မစခန်းမှူး ဒု-ရဲမှူးဌေးဝင်းက “အချုပ်သားကိုတော့ ရဲဆေးစာနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ အသက်စိုးရိမ်စရာ မရှိဘူးလို့တော့ ဆရာဝန်က ပြောတယ်။ တရားခံက အမှု ၄ မှုနဲ့ အချုပ်ကျနေတာလည်း ကြာပြီ။ သူတို့နှစ်ယောက်ကလည်း ခင်မင်ရင်းနှီးတယ်။ သေနတ်ဆော့ရင်းနဲ့ ဖြစ်သွားတာ။ အခုလောလောဆယ်တော့ ရဲတပ်သားကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေ၊ ရဲစည်ကမ်း ထိန်းသိမ်းရေးဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

သေနတ်ကို ပေါ့ပေါ့ဆဆကိုင်တွယ်ခဲ့တဲ့ ရဲတပ်သား နိုင်ထူးအောင်ကို ညောင်လေးပင်မြို့ ရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013