DVB Logo
Home
မြန်မာသတင်း
မိုင်းဆတ်​-တာချီလိတ်​ ကားလမ်းပိုင်းကို UWSA က အစိုးရထံ ပြန်လွှဲပြောင်းပေးအပ်
DVB
·
December 3, 2018
မိုင်းဆတ်​-တာချီလိတ်​ ကားလမ်းပိုင်းကို UWSA က အစိုးရထံ ပြန်လွှဲပြောင်းပေးအပ်
Donate to DVB

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းဆတ်​မြို့နဲ့ တာချီလိတ်​မြို့ကို ဆက်​သွယ်​​ထားတဲ့ မိုင်းဆတ်​-တာချီလိတ်​ ကားလမ်းအပိုင်းကို UWSA ‘ဝ’လက်နက်ကိုင်တပ်ဖွဲ့က အစိုးရထံ ပြန်​လည်​လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

အဲဒီလမ်းပိုင်းကို အစိုးရက စီမံ​ဆောင်​ရွက်​နိုင်​ဖို့ ပြန်​လည်​လွှဲ​ပြောင်း ပေးလိုက်တာဖြစ်ပြီး လမ်းအသုံးပြုခတွေကိုလည်း နောင်မှာ ကောက်ခံတော့မှာ မဟုတ်ဘူးလို့ UWSA စစ်​​ဒေသ ၁၇၁ နိုင်​ငံ​ရေးမှူး ဦးအားဖူက ပြောပါတယ်။

"ကျနော်​တို့ စစ်​​ဒေသ ၁၇၁ က ၁၉၉၈ ခုနှစ်​မှာ ဒီလမ်းကို တပ်​မ​တော်အစိုးရနဲ့ ညှိနှိုင်းပြီး မိမိအစီအစဉ်​နဲ့ ​ငွေ​ကြေးလုပ်​အား စိုက်​ထုတ် ဖောက်​လုပ် တိုးချဲ့ခဲ့တဲ့လမ်းဖြစ်​လို့ လမ်းနဲ့ပတ်​သက်​တဲ့ စာရွက်​စာတမ်း​တွေမရှိလို့ လွှဲပြောင်း​ပေးအပ်​တာမှာ စာချုပ်​စာတမ်းနဲ့ လက်​မှတ်​​ရေးထိုးခြင်း မပြုဘဲ ရိုးရိုးရှင်းရှင်းသာ အဖွဲ့က ဒေသခံပြည်​သူလူထုအတွက် ​လက်​​ဆောင်​တ​ရပ်​အဖြစ် ​နိုင်​ငံ​တော်​အစိုးရထံ လွှဲ​ပြောင်း​ပေးအပ်​မှာ ဖြစ်​ပါတယ်​။ နိုင်ငံတော်​က လမ်းစတင်​ပြုပြင်​ချိန်​မှစပြီး လမ်းအသုံးပြုခ​တွေ ကောက်​ခံခြင်း မပြု​တော့ပါဘူး။"

မိုင်းဆတ်​/တာချီလိတ် ​ကားလမ်းပိုင်းကို UWSA ​တောင်ပိုင်းစစ်​​ဒေသ ၁၇၁ က ဟုန်​ပန်း​ ဆောက်​လုပ်​​ရေးကုမ္ပဏီအမည်​နဲ့ ၁၉၉၈ ခုနှစ်​က စတင်​ကာ လမ်းတိုးချဲ့တာ၊ ​ကျောက်​ခင်းတာေ​တွ ​ဆောင်​ရွက်​ခဲ့တာပါ။

အဖွဲ့ရန်​ပုံ​ငွေအဖြစ် ​လမ်းအသုံးပြုခ ဆိုင်​ကယ်​တ​စီးကို ထိုင်းဘတ်​​ငွေ ၂၀၊ ယာဉ်​ငယ်​တ​စီး ​ဘတ်​​ငွေ ၁၀၀၊ ယာဉ်​ကြီးတ​စီး ​ဘတ်​​ငွေ ၁၀၀၀ သတ်​မှတ်​ပြီး ကောက်​ခံခဲ့ပါတယ်​။

ခုလို ပြန်လွှဲပေးလိုက်တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ အတွင်း​ရေးမှူး ဦးစိုးစိုး​ဇော်​က "အထူး​ဒေသ ၂ မှ​ ဒေသခံပြည်​သူလူထု အကျိုးစီးပွားအတွက် ​လက်​​ဆောင်​အဖြစ်​ မိုင်းဆတ်​-တာချီလိတ်​လမ်းကို အစိုးရထံ ပြန်​လည်​လွှဲ​ပြောင်း ပေးအပ်တဲ့အတွက်​ ရှမ်းပြည်​နယ်​ အစိုးရကိုယ်​စား ​ကျေးဇူးတင် ဝမ်း​မြောက်​မိပါတယ်​။ ပြည်​​ထောင်​စုအစိုးရထံ အမြန်​ဆုံးတင်​ပြပြီး လမ်းပြုပြင်​နိုင်​​ရေး ​ဆောင်​ရွက်​သွားမှာပါ" လို့ ပြောပါတယ်။

မိုင်းဆတ်​-တာချီလိတ်​လမ်းမှာ မိုင်​ ၆၀ ​ကျော်​ရှည်​လျားကာ ၂၀၁၆ ခုနှစ်​ကစတင်​ကာ တ​ဖြည်းဖြည်း ပျက်​စီးလာပြီး အခုနှစ်​မိုးရာသီမှာ သွားလာ​ရေး အခက်ခဲဆုံး အခြေအနေနဲ့ ကြုံတွေ့နေရကာ  မကြာခဏ ယာဉ်တိမ်းမှောက်​၊ လမ်းခရီးကြန့်​ကြာတာ​ကြောင့် ဒေသခံ ခရီးသွားတွေကလည်း လမ်းပြုပြင်​​ဆောင်​ရွက်​​ပေးဖို့ လိုလား​နေပါတယ်။

သတင်း၊ ဓာတ်ပုံ - ​အောင်​​ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013