
ထိုင်ဝမ်မှာ ၁၀ ရက်ကြာ အကြီးစား ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၅ ရက်မှာ စတင်လိုက်ပါတယ်။
စစ်ပွဲဖြစ်လာချိန် အင်တာနက်လိုင်း မကောင်းတဲ့အခါ ပြည်သူတွေ ဘယ်လိုဆက်သွယ်မလဲ ဆိုတာကို စမ်းသပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် အင်တာနက်မြန်နှုန်း ယာယီလျှော့ချမှုလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ရန်သူ့လှုပ်ရှားမှုတွေ မျှော်လင့်ထားသလို ဖြစ်မလာရင် တပ်မှူးတွေအနေနဲ့ အခြေအနေကို ပြန်သုံးသပ်ပြီး အမြန်ဆုံး အမိန့်ပေးနိုင်စွမ်း ရှိ၊ မရှိကို စမ်းသပ်မှာပါ။
တိုင်ပေမြို့ မြေအောက်ကွပ်ကဲရေးစင်တာကနေ လေ့ကျင့်မှုအမိန့် ထုတ်ပြန်ပြီးနောက် တိုက်လေယာဉ်တွေ နေရာခွဲချထားတာနဲ့ ရေတပ်ကို အရေးပေါ်ဖြန့်ကြက်တာတွေ စတင်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းကို အခြေခံထားတဲ့ “back brief” စနစ်ကိုလည်း ပထမဆုံး အသုံးပြုမှာပါ။
ဒီစနစ်အရ အမိန့်ရတဲ့ အငယ်တန်းအရာရှိတွေက ရရှိတဲ့တာဝန်၊ မျှော်မှန်းထားတဲ့ ရလဒ်နဲ့ ရှေ့ဆက်လုပ်ရမဲ့ အစီအစဉ်တွေကို အထက်အရာရှိဆီ မိမိကိုယ်ပိုင်စကားနဲ့ ပြန်လည်ရှင်းပြရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ အမှားအယွင်းတွေကို ကြိုတင်ကာကွယ်နိုင်ပြီး အချိန်ကုန် သက်သာစေသလို ကွပ်ကဲမှု ပိုမိုညီညွတ်စေဖို့ ရည်ရွယ်ပါတယ်။
အဓိကလက်နက်သိုလှောင်ရုံတခုကို စစ်ပွဲကာလ နေရာရွှေ့တာ၊ အရပ်ဘက်စက်ရုံတွေကို အသုံးချတာနဲ့ ပစိဖိတ်ကမ်းရိုးတန်းမှာ အစောင့်လိုက်လေ့ကျင့်တာတွေ ပါဝင်ပါတယ်။
အရန်တပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်ကို စုစည်းထားပြီး တိုင်ပေမြို့က အထက်တန်းကျောင်းတကျောင်းမှာ မော်တာလက်နက်နဲ့ ရိုင်ဖယ်အသုံးပြုနည်းတွေ လေ့ကျင့်ခဲ့ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ရဲ့ ကွပ်ကဲရေးစင်တာတွေ၊ ဆိပ်ကမ်းတွေ၊ ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပြုလုပ်တဲ့ ဒီလေ့ကျင့်မှုဟာ ဩဂုတ် ၁၄ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။










