အီရန်ကို စစ်ပွဲဆင်နွှဲတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရမှာမဟုတ်ပေမဲ့ ဆုရွေးချယ်တဲ့နေရာမှာ လွှမ်းမိုးမှုတွေ လုပ်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဘယ်လ်ဆုရွေးပွဲမှာ ဗင်နီဇွဲလားနိုင်ငံက မာချာဒို ရရှိအောင် ထရမ့်ပ်က လော်ဘီလုပ်ခဲ့တာက နိုဘယ်လ်ဆုချီးမြှင့်တဲ့ သက်တမ်း ၁၂၅ နှစ်အတွင်း ထူးခြားတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။
မာချာဒိုကလည်း ဆုရပြီးတဲ့နောက် ထရမ့်ပ်ကို နိုဘယ်လ်ဆုတံဆိပ် ပေးအပ်ခဲ့တာကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။
ဒီနှစ်မှာလည်း နိုဘယ်လ်ဆု ရွေးချယ်တဲ့အဖွဲ့ဝင် ၅ ယောက်က ထရမ့်ပ်ရဲ့ဖိအားတွေ ရင်ဆိုင်ရနိုင်တယ်လို့ အော်စလိုတက္ကသိုလ် ငြိမ်းချမ်းရေးသုတေသန ဒါရိုက်တာ ဟာကွန်းက ပြောပါတယ်။
နိုဘယ်လ်ဆုကို ပုပ်ရဟန်းမင်းကြီး လီယို၊ ICC၊ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ ပါလက်စတိုင်းအရေး ကုလရဲ့ အထူးအစီရင်ခံစာပေးပို့တဲ့ အီတလီနိုင်ငံသူ အယ်ဘာနီးတို့သာ ရမယ်ဆိုရင် ဆုရွေးချယ်တဲ့ ကော်မတီအတွက် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
ပုပ်လီယိုဟာ ပထမဆုံး အမေရိကန်နိုင်ငံဖွား ပုပ်ရဟန်းမင်းဖြစ်ပြီး စစ်ပွဲကို ဆန့်ကျင်တဲ့အကြောင်း ပြောခဲ့လို့ ထရမ့်ပ်က အားနည်းသူလို့ သူ့ကို ဝေဖန်ခဲ့ဖူးပါတယ်။
ပုပ်လီယိုဟာ AI အကြောင်း ဖြန့်ဝေတဲ့စာ၊ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောဆိုခဲ့သလို ရွှေ့ပြောင်းအခြေချသူတွေကို လေးစားဖို့ အမြဲတိုက်တွန်းသူပါ။
သူ့ရဲ့ လူသားချင်းစာနာထောက်ထားမှုက ဆုနဲ့ထိုက်တန်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ပညာရှင်တွေ ခန့်မှန်းတဲ့ နိုဘယ်လ်ဆုရရှိဖို့ အလားအလာရှိတဲ့သူတွေထဲမှာ ဆူဒန်နိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေလို့ ဖော်ပြပါတယ်။
ထရမ့်ပ်ကိုတော့ ကမ္ဘောဒီးယား၊ အစ္စရေး၊ ပါကစ္စတန်နိုင်ငံခေါင်းဆောင်တွေက အဆိုပြုထားပေမဲ့ သူ့ရဲ့ ခန့်မှန်းချက်ထဲ မပါဘူးလို့ စတော့ဟုမ်း နိုင်ငံတကာ သုတေသနဌာန ဒါရိုက်တာ ကာရင်ဟတ်ဂတ်က ပြောပါတယ်။










