
ဗင်နီဇွဲလားသမ္မတ ဒယ်လ်ဆီရိုဒရီဂတ်ဇ်နဲ့ ကိုလံဘီယာသမ္မတ ဂူစတာဗိုပေထရိုတို့ဟာ ဧပြီ ၂၄ ရက် က ကရာကာ့စ်မြို့က သမ္မတနန်းတော်မှာ တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ နယ်စပ်တလျှောက် ရာဇဝတ်မှု တွေကို ပူးပေါင်းနှိမ်နင်းဖို့အတွက် ထောက်လှမ်းရေးသတင်း အချက်အလက်တွေကို အပြန်အလှန် မျှဝေသွားဖို့ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေကို သဘောတူညီခဲ့ကြပါတယ်။
၂ နိုင်ငံခေါင်းဆောင်တွေက မူးယစ်ဆေးဝါး၊ လောင်စာဆီမှောင်ခို၊ လူကုန်ကူးမှု၊ တရားမဝင် ရွှေတူး ဖော်မှုနဲ့ ရှားပါးသတ္တု မှောင်ခိုလုပ်ငန်းတွေလို နယ်စပ်ဒေသက ရာဇဝတ်မှုတွေကို တင်းတင်း ကျပ်ကျပ် တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကုန်သွယ်ရေး မြှင့်တင်ဖို့နဲ့ မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုဒဏ် ခံနေရတဲ့ ဗင်နီဇွဲလားအနောက်ပိုင်းဒေသကို လျှပ်စစ်မီး ပုံမှန်ရရှိစေဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက် သွားကြဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဗင်နီဇွဲလားသမ္မတ ရိုဒရီဂတ်ဇ်က "ရာဇဝတ်ဂိုဏ်းတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့တွေကို နှိမ်နင်းဖို့ နှစ်နိုင်ငံ နယ်နိမိတ်အလိုက် စစ်ရေးစီမံချက်တွေနဲ့ ထောက်လှမ်းရေး အချက်အလက် မျှဝေမှု ယန္တရားတွေကို ချက်ချင်း အသက်ဝင်စေမယ်”လို့ ပြောပါတယ်။
ကိုလံဘီယာသမ္မတ ပေထရိုကလည်း နယ်စပ်ဒေသဟာ မာဖီးယားဂိုဏ်းတွေရဲ့ လက်အောက်မှာ မရှိစေရဘဲ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်လို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လျော့နည်း ခဲ့ရတာဖြစ်ပြီး အခုတော့ လျှပ်စစ်နဲ့ ဓာတ်ငွေ့ပိုက်လိုင်း ချိတ်ဆက်မှုတွေဟာ လက်တကမ်းအကွာကို ရောက်ရှိနေပြီလို့ ရိုဒရီဂတ်ဇ်က ပြောပါတယ်။
သမ္မတ ပေထရိုကတော့ အာဏာရှင်စနစ်နဲ့ အကြမ်းဖက်မှုတွေကို သယ်ဆောင်လာတဲ့ စွမ်းအင် ဟောင်းတွေထက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမဲ့ စွမ်းအင်သစ်တွေကို ပိုမြှင့်တင်ချင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဗင်နီဇွဲလားနဲ့ ကိုလံဘီယာ ခေါင်းဆောင် ၂ ယောက်စလုံးဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို ကြုံတွေ့နေရတာပါ။
သမ္မတ ရိုဒရီဂတ်ဇ်ဟာ နိုင်ငံရဲ့ စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ဖွင့်ပေးဖို့ ဖိအားပေးခံနေရပြီး သမ္မတ ပေထရိုကတော့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကို အခုထက်ပိုပြီး နှိမ်နင်းဖို့ ဖိအားပေးခံနေရတာ ဖြစ်ပါတယ်။
ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဟာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအရ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်မှုရှိကြပြီး အထူးသဖြင့် ကီလိုမီတာ ၂,၂၀၀ ရှည်လျားတဲ့ ၂ နိုင်ငံနယ်စပ်ဒေသ တလျှောက်ဟာ တနှစ်ကို ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကုန်သွယ်မှုတွေ ပြုလုပ်ရာ အချက်အချာနေရာ ဖြစ်ပါတယ်။
တဖက်မှာလည်း လက်နက်ကိုင်အဖွဲ့တွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ကိုလံဘီယာ ပြောက်ကျားအဖွဲ့တွေရဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ တခြား တရားမဝင် လုပ်ငန်းတွေ လုပ်ဆောင်ရာ နေရာတခုလည်း ဖြစ်နေပါတယ်။
Source:Reuters











