DVB Logo
Home
မြန်မာသတင်း
တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန် RCSS/SSA တောင်းဆို
DVB
·
November 13, 2018
တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန် RCSS/SSA တောင်းဆို
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ တပ်မတော်တို့အကြား ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်တွေအပေါ် အပြန်အလှန်နားလည်မှုရရှိဖို့ နှစ်ဖက် ပြန်လည်တွေ့ဆုံဖို့ လိုအပ်တယ်လို့ RCSS က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ၁၀ရက်နဲ့ ၁၁ ရက်မှာ ကျင်းပခဲ့တဲ့  RCSS ဗဟိုအလုပ်အမှုဆောင် ကော်မီတီ အရေးပေါ် အစည်းအဝေးအပြီး အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်အဆင့် အစည်းအဝေးတွေမှာ ပြည်နယ်အဆင့်၊ ပြည်ထာင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နဲ့ပတ်သက်ပြီး RCSS နဲ့ တပ်မတော်တို့ အကြား နားလည်မှုလွဲနေတာတွေရှိပြီး  အဆင့်အဆင့် အစည်းအဝေးတွေမှာ ဒီကိစ္စကို ဖြေရှင်းနိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ပါတယ်။

RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်းက “ကျနော်တို့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်ရဲ့ သဘောတူညီချက်အပေါ်မှာ နည်းနည်း နားလည်မှုလွဲတယ်ဗျာ။ ဆိုလိုတဲ့သဘောက အဲဒီထဲမှာ ကျနော်တို့ နယ်မြေသတ်တဲ့ကိစ္စပေါ့နော်။ အဲဒီကိစ္စတွေပြန်ပြီး ညှိနှိုင်းရမယ့် အနေအအထားရှိတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင်  တပ်မတော်ဘက်က သူတို့ နားလည်ထားတဲ့အတိုင်း  RCSS ကို တဖက်သတ် အပြစ်ပုံချ ဆွေးနွေးနေတာကို တွေ့မြင်ရတယ်လို့ လည်း ရှမ်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် အပြန်အလှန် နားလည်မှုရရှိဖို့ နှစ်ဖက် ပြန်လည်တွေ့ဆုံဖို့ လိုအပ်ပြီး တွေ့ဆုံဆွေးနွေးမှု ရလဒ်အပေါ် မူတည်ကာ (JMC) အဆင့်ဆင့်အစည်းအဝေး တက်မတက် ဆုံးဖြတ်သွားမယ်လို့  RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စတွေကို ညှိနှိုင်းဖို့အတွက် ဗဟိုကော်မီတီရဲ့ အရေးပေါ်အစည်းအဝေးမှာ အဖွဲ့ဝင် ၁၀ ယောက်ပါတဲ့ ညှိနှိုင်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောချောမောမောသွားနိုင်အောင် အချင်းချင်းကြား နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပြီး ဒါမှသာ ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်မယ်လို့ ပြောပါတယ်။

“အခုဟာက ငြိမ်းချမ်းရေးဖြစ်စဉ် ချောချောမောမောဖြစ်စေဖို့အတွက် ကျနော်တို့က အချင်းချင်းကြားမှာ နားလည်မှုတွေကျနော်တို့က တည်ဆောက်ဖို့လိုတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ အဲဒါတွေ အဆင်ပြေမှပဲ ရှေ့ဆက်သွားလို့ရမယ့် အနေအထားရှိတယ်။ ဟိုဟာပေါ့။ အတိုင်းအတာတခုအထိ  အချိန်ယူနေတယ်လို့ပဲ မြင်တယ်။”

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့် ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်၊ လုပ်ငန်းလမ်းညွှန်တွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပြီး အန်စီအေ စာချုပ်ပါတိုင်း (JMC) အဆင့်ဆင့်မှာ နိုင်ငံတကာရဲ့ပါဝင်မှု အခန်းဏ္ဍတွေ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုကြောင်း ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုက ခွဲမထွက်ရဆိုတဲ့အချက်ဟာ အန်စီအေစာချုပ်မှာ ပါဝင်ခြင်းမရှိတဲ့အတွက် RCSS အနေနဲ့ အန်စီအေအတိုင်သာ ရပ်တည်သွားမှာဖြစ်ပြီး တခုတည်သော တပ်မတော် နဲ့ပတ်သက်ပြီးတော့လည်း အစိုးရ၊ တပ်မတော်နဲ့ RCSSတို့အကြား အလွတ်သဘောဆွေးနွေး အဖြေရှာသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အန်စီအေလက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့  အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံပွဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ တခုတည်းသော တပ်မတော်ထားရှိရေး စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

RCSS/SSA  ကတော့ တခုတည်းသောတပ်မတော်ထားရှိရေးကို မူအားဖြင့် သဘောတူပေမယ့် လုံခြုံရေးကဏ္ဍမှာ အားလုံး သဘောတူတဲ့ ဆွေးနွေးချက်ရလဒ်တွေရအောင် မဆွေးနွေးနိုင်သေးသရွေ့ လက်မခံနိုင်သေးဘူးလို့   ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013