
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဖလန်တိုင်းရွာမှာ နိုဝင်ဘာ ၁ဝ ရက်ညက ခင်ပွန်းဖြစ်သူကို ဖုန်းကနေ စာပို့ဆက်သွယ်ခဲ့တဲ့ မိန်းကလေးကို ဇနီးက ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အသက် ၂၅ နှစ်အရွယ် မ××××နဲ့ မိခင်ဖြစ်သူတို့ နေအိမ်မှာ ရှိနေစဉ် အမည်မသိ အမျိုးသမီးတယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး မ××××ကို ဓားနဲ့ ထိုးမှု ဖြစ်ပွားခဲ့တာပါ။
ဓားဟာ အရိုးအသွား ၁၀ လက်မလောက်ရှိပြီး ရှောင်လိုက်တာကြောင့် မထိုးမိဘဲ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အနီးအနားလူတွေက အဲဒီအမျိုးသမီးကို ဝိုင်းဝန်းဖမ်းဆီးမေးမြန်းတဲ့အခါ ရွာသစ်ကျေးရွာက မချစ်ပန်းခိုင် ၂၀ နှစ်ဖြစ်ပြီး သူ့ ခင်ပွန်း ကိုင်ဆောင်တဲ့ ဟန်းဖုန်းမှာ မ××××က ဆက်သွယ်ထားတဲ့ မက်ဆေ့ဂ်ျတွေ တွေ့လို့ အခုလို လုပ်တာလို့ ဖြေကြားခဲ့ပါတယ်။
အရေးယူပေးဖို့ တိုင်တန်းချက်အရ မချစ်ပန်းခိုင်ကို ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှာ လက်ရောက်မှု ကျူးလွန်ဖို့ ပြင်ဆင်ပြီး အိမ်ကျော်နင်းမှု ရာဇသတ်ကြီးပုဒ်မ-၄၅၂ နဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။











