
ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသလုံခြုံရေး အတွက် ခေါင်းစဉ်နဲ့ အရပ်သားအမျိုးသမီးတွေပါ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ ကင်းတဲ ဆောက်ကာ တအိမ်အရပ်သား ၂ ယောက်နှုန်းနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး မတ် ၂၀ ရက်အထိ ကင်းစောင့်ခိုင်းနေတာဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ အမျိုးသား မရှိတဲ့အိမ်တွေကိုပါ အမျိုးသား တွေရဲ့ ကိုယ်စား အမျိုးသမီးတွေပါ ကင်းစောင့်ပေးနေရတာလို့ ဆိုပါတယ်။
မြန်အောင်ဒေသခံ အမျိုးသမီးတယောက်က “မြန်အောင်ဘက်မှာ တရက်တခြား အခြေအနေဆိုး လာပါတယ်၊ အုပ်ချုပ်ရေးမှူးတွေက လုပ်တာ။ တချို့အိမ်တွေက အမျိုးသား မရှိဘူး၊ မရှိလည်း မရဘူး။ အမျိုးသမီးတွေက ကင်းစောင့်ပေးရတာ။ စစ်မှုထမ်းကြောင့် အမျိုးသားတွေက ရှောင်နေ ရတာနဲ့ စစ်မှုထမ်းပါကုန်တာကြောင့် အမျိုးသားအရေအတွက် နည်းကုန်တယ်။ တချို့ဆို အမေတွေ၊ အစ်မတွေက လူငယ်လေးတွေကို ကင်းစောင့်လွှတ်တဲ့အခါ စစ်မှုထမ်းထဲပါသွားမှာ စိုးရိမ်ကြတယ်။ အဲဒီတော့ အမျိုးသမီးတွေက ကိုယ်စားတာဝန်ယူ ကင်းစောင့်နေကြရတာ” လို့ ပြောပါတယ်။
မြန်အောင်မြို့နယ်ထဲက ကုန်းတလုန်း၊ ဂွေးကုန်း၊ ရှောက်ကုန်း၊ ဆပ်ပြာကျင်း၊ တဲကြီးကုန်းစတဲ့ ကျေးရွာတွေက အမျိုးသမီးတွေ ကင်းစောင့်ပေးနေရပြီး တခြားကျေးရွာတွေမှာလည်း အခုလို အမျိုးသားတွေအစား အမျိုးသမီးတွေပါ ကင်းစောင့်နေကြရတယ်လို့ သိရပါတယ်။
ကင်းစောင့်ပေးနေရတဲ့ အမျိုးသမီးတယောက်က “ရွေးကောက်ပွဲ လုပ်ပေးတော့ ပြောင်းလဲ သွားမယ် ထင်တာပေါ့၊ ပိုလို့တောင်ဆိုးလာတယ်။ ကင်းမစောင့်ရင် စစ်မှုထမ်းထဲ ထည့်မယ်လို့ ခြိမ်းခြောက်ခံရတယ်။ အမျိုးသားနဲ့သားလေးကို စောင့်ခိုင်းပြန်တော့လည်း ပေါ်တာဆွဲမှာ ပူရ ပြန်တယ်။ ဒါ့ကြောင့် ကိုယ့်ဖာသာပဲ စောင့်ပေးတာ” လို့ ပြောပါတယ်။
မြန်အောင်မြို့နယ်ထဲက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အကြောင်းအမျိုးမျိုးနဲ့ ကင်းစောင့်ဖို့ ပျက်ကွက်တဲ့ အရပ်သားတွေဆီကနေ တရက်တာလူတယောက် အစားထိုးကင်းကြေး ကျပ် ၂၀,၀၀၀ အထိ တောင်းယူနေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
အခုလို ကင်းတဲတွေနဲ့ ကင်းစောင့်ပေးရတာတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာတွေ မှာ အုပ်ချုပ်ရေးမှူးတွေက စတင်စီစဉ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးအိမ်နဲ့ ပတ်ဝန်းကျင်မှာပါ ရပ်ရွာ လုံခြုံရေးခေါင်းစဉ် နဲ့ အရပ်သားတွေက ကင်းစောင့်ပေးရတာလို့ သိရပါတယ်။
အရပ်သားတွေကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကင်းစောင့်ခိုင်းတဲ့အပြင် စစ်ကောင်စီက အသစ်ဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်တွေနဲ့ ရပ်ရွာတွေထဲမှာ ညစဥ် ကင်းလှည့်စစ်ဆေး နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒါ့အပြင် မြန်အောင်မြို့နယ်အဝင်အထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လုံခြုံရေးအတွက်လို့ဆိုကာ ပိတ်ဆို့ စစ်ဆေးတာတွေကိုလည်း ပိုမိုလုပ်လာတယ်လို့ဒေသခံတွေက ဆိုပါတယ်။











