
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာက ဒိုင်းနက်ကျေးရွာသား ၈၉ ယောက်ကို အာရက္ခတပ်တော် (AA) က ဇွန် ၂ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP)နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်(AA)ရဲ့ တာဝန်ရှိသူတွေက သင်္ဘောလှကျေးရွာ သွားရောက်စဥ် ပြဿနာဖြစ်ပြီး ထိန်းသိမ်းခဲ့တဲ့ ဒိုင်းနက်လူမျိုး ရွာသား ၁၀၀ ကျော်အနက် ၈၉ ယောက်ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
မောင်တောဒေသခံအမျိုးသားတယောက်က “ဒီရွာသားတွေက (ULA/AA) တာဝန်ရှိသူတွေ နားလည်မှု လွဲသွားတာပါ။ သူတို့ကို စစ်မှုထမ်းခေါ်ဖို့ လာတယ်ဆိုပြီး အားမနာဆူပူမှုတွေ လုပ်ခဲ့လို့ ဖမ်းခဲ့တဲ့သူတွေပါ။ အခု အဲဒီရွာသားတွေအထဲက ၈၉ ယောက်ကို လွှတ်လိုက်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲက ပြစ်မှုထင်ရှားသူတွေကိုလည်း တရားစွဲဆိုမှာ မဟုတ်ဘဲ သက်ညှာတဲ့ အနေနဲ့ လူမှုရေးပြစ်ဒဏ်တွေသာ ချမှတ်သွားမယ်လို့ ပြောကြားခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“ကျန်တဲ့သူတွေအထဲမှာ (ULA/AA) အပေါ် ကျူးလွန်ခဲ့တဲ့အမှားတွေ ပြစ်မှုထင်ရှားရင်တောင် သက်ညှာတဲ့အနေနဲ့ ပြစ်ဒဏ်လျှော့ပေါ့သွားမယ်လို့ တာဝန်ရှိသူတယောက်က ပြောခဲ့တယ်။ ပြစ်ဒဏ်ချမှတ်ပြီးရင် ပြန်လွှတ်ပေးမှာပါ။”
ရွာသား ၁၀၀ ကျော်ဟာ မေလ ၂၃ ရက်က အာရက္ခတပ်တော်က အမျိုးသားကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP)နဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုမှာ ရွာသားတွေက နားလည်မှုလွဲမှားပြီး AA တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်မှုပုံစံနဲ့ တုတ်ဆွဲ၊ ဓားဆွဲ လုပ်ခဲ့တယ်ဆိုပြီး မေ ၂၄ ရက်က ထိန်းသိမ်းခဲ့ပါတယ်။
ပြန်လည်လွှတ်ပေးလိုက်တဲ့ ၈၉ ယောက်ထဲမှာ အမျိုးသား ၂၈ ယောက် အမျိုးသမီး ၃၃ ယောက်နဲ့ ကလေး ၂၈ ယောက် ပါ၀င်ပါတယ်။
သင်္ဘောလှကျေးရွာသားတွေကို ပြန်လွှတ်ပေးဖို့ မေ ၂၇ ရက်က ဒိုင်းနက်(ခေါ်)သက္ကမလူမျိုး အရပ်ဘက်အဖွဲ့အစည်း ၁၀ ကျော်က ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တည်ငြိမ်အောင်ဖြေရှင်းနေတယ်လို့ မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီက မေ ၃၁ ရက်က ထုတ်ပြန်ပါတယ်။










