DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအစည်းအဝေးများ မတက်ရောက်နိုင်သေးဟု RCSS ကြေညာ
DVB
·
November 2, 2018
ငြိမ်းချမ်းရေးအစည်းအဝေးများ မတက်ရောက်နိုင်သေးဟု RCSS ကြေညာ
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ (JMC) အဆင့်ဆင့်အစည်းအဝေးတွေ တက်ရောက်နိုင်မှာ မဟုတ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSA က ထုတ်ပြန်လိုက်ပါတယ်။

အခု နိုဝင်ဘာလထဲမှာ RCSS/SSA အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(အန်စီအေ) ပါအချက်တွေ အကောင်အထည်ဖော်မှုနဲ့ ပစ်ခတ်တိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲကော်မတီအဆင့်ဆင့်ရဲ့ လုပ်ငန်းတွေကို ပြန်လည်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒါကြောင့် အခုလ အပိုင်းအတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်သက်တဲ့ အစည်းအဝေးတွေ တက်ရောက်နိုင်မှာ မဟုတ်ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

“အခုတလော အစည်းအဝေးတွေ ကျင်းပတာရှိပါလိမ့်မယ်လေ။ အခုလောလောဆယ် ကျနော်တို့ အဲဒီအစည်းအဝေးတွေကို မတက်နိုင်သေးဘူးဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ကျနော်တို့ အခု အန်စီအေ လက်မှတ်ရေးထိုးထား ၃ နှစ်ရှိပြီလေ။ ၃ နှစ်ရှိတော့ ဒီအပေါ်မှာ ကျနော်တို့  အဖွဲ့အစည်းတွင်းမှာ သုံးသပ်မှုတွေ ပြန်လည်လုပ်ဖို့ရှိတယ်။ ဒါကြောင်မို့ အစည်းအဝေး တက်ရောက်မယ့်ကိုယ်စားလှယ်တွေကလည်း မအားမလပ်ဘူးပေါ့နော်။ အဲဒီသုံးသပ်တဲ့ အစည်းအဝေးပြီးမှပဲ ကျနော်တို့က ဒီအန်စီအေ အစည်းအဝေးအဆင့်ဆင့်ကို တက်မတက်ဆိုတာ ပြန်လည်ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ ”

ပြီးခဲ့တဲ့ အန်စီအေလက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့  အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံပွဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ တခုတည်းသော တပ်မတော်ထားရှိရေး စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

RCSS/SSA  ကတော့ တခုတည်းသောတပ်မတော်ထားရှိရေးကို မူအားဖြင့် သဘောတူပေမယ့် လုံခြုံရေးကဏ္ဍမှာ အားလုံး သဘောတူတဲ့ ဆွေးနွေးချက်ရလဒ်တွေရအောင် မဆွေးနွေးနိုင်သေးသရွေ့ လက်မခံနိုင်သေးဘူးလို့   ကြေညာထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကလည်း အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ပါဝင်မှုဖြစ်ဖို့၊ အဖွဲအစည်းတခုလုံး တညီတညွတ်တည်း ပါဝင်ဖို့ လုံလောက်တဲ့ အချိန်ကာလတခု ရယူဖို့လိုတဲ့ အတွက် လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင်တာကို ယာယီ ရပ်ဆိုင်းထားတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဒေါ်အောင်ဆန်းစုကြည်ဆီကို လိပ်မူပေးပို့ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013