DVB Logo
Home
မြန်မာသတင်း
တခုတည်းသောတပ်မတော်ထားရှိရေး မူအားဖြင့် သဘောတူသော်လည်း လက်မခံနိုင်သေးဟု RCSS ကြေညာ
DVB
·
October 26, 2018
တခုတည်းသောတပ်မတော်ထားရှိရေး မူအားဖြင့် သဘောတူသော်လည်း လက်မခံနိုင်သေးဟု RCSS ကြေညာ
Donate to DVB

တခုတည်းသောတပ်မတော်ထားရှိရေးကို မူအားဖြင့် သဘောတူပေမယ့် လုံခြုံရေးကဏ္ဍမှာ အားလုံးသဘောတူတဲ့ ဆွေးနွေးချက်ရလဒ်တွေရအောင် မဆွေးနွေးနိုင်သေးသရွေ့ လက်မခံ နိုင်သေးဘူးလို့   ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSA ကကြေညာပါတယ်။

ပြီးခဲ့တဲ့အပတ်က နေပြည်တော်မှာ ကျင်းပတဲ့ အန်စီအေလက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့  အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံပွဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ တခုတည်းသောတပ်မတော်ထားရှိရေးမူ စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာကို အောက်တိုဘာ ၂၅ ရက်နေ့စွဲနဲ့ RCSS က သဘောထား ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီကြေညာချက်မှာ RCSS/SSA အနေနဲ့ တခုတည်းသော တပ်မတော်ထားရှိရေးမူနဲ့ ပတ်သက်လို့  နိုင်ငံတကာကျင့်သုံးမှု ပုံစံအရ မူအားဖြင့် သဘောတူကြောင်း၊ ဒါပေမယ့် လုံခြုံရေး ကဏ္ဍမှာ အားလုံးသဘောတူတဲ့  ဆွေးနွေးချက်ရလဒ်တွေ ရလာအောင် မဆွေးနွေးနိုင်သေးသရွေ့၊ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကဏ္ဍအသီးသီးနဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်တွေအပေါ် အားလုံးသဘောတူညီမှု မရသေးသရွေ့တော့ တခုတည်းသော တပ်မတော်ထားရှိရေးမူကို ဘယ်လိုမှ လက်မခံ နိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ လိုက်လျောညီထွေတဲ့  တပ်မတော်ဖွဲ့စည်းပုံ၊ အားလုံး သဘောတူတဲ့ ဖွဲ့စည်းပုံပေါ်ပေါက်မှသာ ဒီကိစ္စ လက်ခံနိုင်မယ်လို့  RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံတကာ ကျင့်သုံးပုံအရ နိုင်ငံတနိုင်မှာ တပ်မတော်တခုပဲ ရှိရမယ်ဆိုတာ မှန်ပါတယ်။  ဒါပေမယ့် တပ်မတော်ဖွဲ့စည်းပုံကိစ္စ ကျနော်တို့ မဆွေးနွေးရသေးပါဘူး။ မြန်မာနိုင်ငံမှာ တန်းတူရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အများကြီးရှိတယ်။ အားလုံးက မြန်မာ့တပ်မတော်ရဲ့ လက်အောက်ခံအဖြစ် သွားပေါင်းပြီး တခုတည်းဖြစ်ဖို့ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ လိုက်လျောညီထွေ မရှိပါဘူး။ ဆွေးနွေးပြီးမှ အားလုံး သဘောတူတဲ့ တပ်မတော်ဖွဲ့စည်းပုံရရှိပြီးမှ လက်ခံနိုင်မှာပါ။”

ဒါ့အပြင် ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ရဆိုတဲ့ အချက်နဲ့ပတ်သက်လို့လည်း ရှမ်းပြည်က ပြည်သူလူထုတရပ်လုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးကိစ္စဖြစ်လို့ ပြည်သူလူထုရဲ့ သဘောဆန္ဒအတိုင်း ရပ်တည်သွားမယ်၊ ရှမ်းပြည်သူလူထုရဲ့ သဘောထားဆန္ဒတွေ မရယူနိုင်သေး သရွေ့ ခွဲမထွက်ရဆိုတဲ့အချက်ကို ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူးလို့လည်း  RCSS/SSA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RCSS/SSA  ပြောခွင့်ရ ဗိုလ်မှူးကြီး  စိုင်းငင်းက “ရှမ်းပြည်မှာလည်း တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်တာကြောင့် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ သဘောထားရယူပြီး  ပြည်နယ်တခုလုံးရှိ တိုင်းရင်းသားတွေရဲ့ သဘောထားဆန္ဒ၊ နိုင်ငံရေးသဘောတူချက်တွေ အဆင့်ဆင့်ရယူရမှာဖြစ်တယ်” လို့ ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်သွားနိုင်ဖို့ ရှေ့လထဲမှာ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အစည်းအဝေး ထပ်ကျင်းပဖို့ရှိပြီး ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စ၊ တခုတည်းသော တပ်မတော်ကိစ္စတွေပါ ဆွေးနွေးသွားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013