၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက် အဆင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက ကိတ်ဗာဒီအသင်းကို မက်ဆီရဲ့သွင်းဂိုးအပါအဝင် (၃- ၂) ဂိုးနဲ့ ခက်ခက်ခဲခဲကစားခဲ့ရကာ အနိုင်ရပြီး နောက်တဆင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီ အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကပထမပိုင်း ၂၉ မိနစ်မှာ မာတီနက်ဇ်ပို့ပေးတဲ့ ဘောလုံးကိုတချက်ထိန်းပြီး တဖက်ဂိုးသမား ဗိုဇင်ညာရဲ့ အပေါ်ဘက်ကိုကျော်ပြီး ဂိုးပိုက်အပေါ်ဘက်ထဲကို ကန်သွင်းလို့ အဖွင့် ဦးဆောင်ဂိုး ရသွားပါတယ်။
ကိပ်ဗာဒီအသင်းကလည်း တည်တည်ငြိမ်ငြိမ်နဲ့ အံ့မခန်း ခြေစွမ်းပြက အာဂျင်တီးနားကို တုံ့ပြန်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၅၉ မိနစ်မှာ ဒီရွိုင်း ဒူအာတေးက ကိပ်ဗာဒီအသင်းအတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။
ခဏအကြာမှာပဲ မက်ဆီက တဖက်ဂိုးသမားနဲ့ တယောက်ချင်းတွေ့ပြီး ကန်သွင်းခွင့်ရခဲ့ ပေမဲ့ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ညာလက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။
ပုံမှန်ပွဲချိန် မိနစ် ၉၀ အထိ တဖက်တဂိုးစီနဲ့ သရေကျနေလို့ အချိန်ပို ဆက်ကစားကြတာမှာ အာဂျင်တီးနားနဲ့ မန်ယူနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပွဲချိန် ၉၂ မိနစ်မှာ အာဂျင်တီးနားအတွက် အဖိုးတန် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ကိပ်ဗာဒီအသင်းကလည်း ပွဲချိန် ၁၀၃ မိနစ်မှာ ဆစ်ဒနီ ကာဘရယ်က အံ့မခန်း အဝေးကန်ချက်နဲ့ နောက်ထပ် ချေပဂိုး ထပ်သွင်းယူခဲ့လို့ တဖက် ၂ ဂိုးစီသရေကျနေခဲ့ပါတယ်။
ပွဲချိန် ၁၁၁ မိနစ်မှာတော့ ကိပ်ဗာဒီအသင်းမှ ဒီနေး ဘော့ဂျက်စ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ အာဂျင်တီးနားတို့ (၃-၂ ) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ကို ခက်ခက်ခဲခဲတက်ရောက်သွားခဲ့တာပါ။
ဒီပွဲမှာ တဂိုးသွင်းခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလားပွဲမှာ ၇ ဂိုးသွင်းထားပြီး ရွှေဖိနပ်ဆုရဖို့ ဦးဆောင်နေပါတယ်။
မက်ဆီဟာ ကမ္ဘာဖလားပွဲစဉ် ၈ ပွဲဆက်တိုက်ဂိုးသွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားသက်တမ်းမှာ ကမ္ဘာ့ဖလားသွင်းဂိုးပေါင်း ၂၀ ပြည့်သွားတဲ့ ဂိုးလည်းဖြစ်ပါတယ်။
မက်ဆီဟာ အသက် ၃၉ နှစ်နဲ့ ၉ ရက် အရွယ်မှာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အကြီးဆုံး တောင်အမေရိက ကစားသမား ဖြစ်လာခဲ့ပြီး ၁၉၅၄ ခုနှစ်က ဥရုဂွေးအသင်းအတွက် အသက် ၃၆ နှစ်မှာ စံချိန်တင်ခဲ့တဲ့ အော့ဗ်ဒူလီယို ဗာရီလာရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲအနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ၁၆ သင်းအဆင့်မှာ ဩစတြေးလျကို ပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်ပြီး တက်လာတဲ့ အီဂျစ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းခွင့်ရတဲ့ အသေးဆုံးနိုင်ငံဖြစ်တဲ့ ကိပ်ဗာဒီဟာ ကမ္ဘာ့အဆင့် ၂ ရှိတဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားကို ၂ ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားပြီး ချေပဂိုး သွင်းယူနိုင်လို့ ပြိုင်ပွဲမှာ ရှုံးပြီး ထွက်သွားခဲ့ရပေမဲ့ ဘောလုံးလောကရဲ့ လေးစားမှုကိုတော့ အပြည့်အဝ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။










