DVB Logo
Home
မြန်မာသတင်း
ICC က အရေးယူရန်လုပ်ဆောင်နေမှု မြန်မာအစိုးရ ပယ်ချ
DVB
·
September 30, 2018
ICC က အရေးယူရန်လုပ်ဆောင်နေမှု မြန်မာအစိုးရ ပယ်ချ
Donate to DVB

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်မရှိဘဲ အရေးယူဖို့ လုပ်ဆောင်နေတာတွေကို လုံးဝကန့်ကွက်တယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဝန်ကြီးက အခုလို ပြောကြားလိုက်တာပါ။

“ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ မြန်မာနိုင်ငံဟာ ရောမ သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် အဲဒီတရားရုံးအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လိုမှ တရားစီရင်ပိုင်ခွင့်မရှိပါဘူး။ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဥပေဒ အကြောင်းချက်တွေပေါ် ချမှတ်ထားခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံအစိုးရအနေနဲ့ ပြည်တွင်းမှာ မိမိအစီအစဉ်နဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ မပြီးဆုံးသေးတဲ့အခြေအနေမှာ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်”

ICC ရဲ့ ဆုံးဖြတ်ချက်ဟာ လူမှုကျင့်ဝတ်နဲ့ ဥပဒေဆိုင်ရာ အခွင့်အာဏာကို ယိုယွင်းပျက်စီးစေရာ ရောက်တယ်လို့လည်း ဆိုပါတယ်။

“ဒီဆုံးဖြတ်ချက်မှတ်ခဲ့ပုံ နည်းလမ်းတွေဟာ တရားရုံးအနေနဲ့ အန္တရာယ်ရှိတဲ့ အစဉ်အလာ ကျင့်ထုံးတရပ် ဖြစ်သွားနိုင်တဲ့အပေါ်မှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အဖွဲ့ဝင်တွေ လေးလေး နက်နက် စိုးရိမ်ပူပန်သင့်တယ်ဆိုတာကို ကိုယ်စားလှယ်အားလုံးကို ပြောကြားလိုပါတယ်။ အခုဆုံးဖြတ်ချက်ဟာ တရားရုံးရဲ့ လူမှုကျင့်ဝတ်နဲ့ ဥပဒေဆိုင်ရာ အခွင့်အာဏာကို ယိုယွင်းပျက်စီးစေရာ ရောက်ပါတယ်”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်တာဝန်ပေးခဲ့တဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မိတယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

“အချက်အလက် ရှာဖွေရေးအဖွဲ့တွေ လိုအပ်မှု၊ ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်တို့အပေါ် မြေပြင် အခြေအနေမှာ လူမှုအသိုက်အဝန်းတွေအကြား သဟဇာတ ရှိစေဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ ခိုင်ခိုင်မာမာ သက်သေမပြနိုင်ဘဲ ဖြစ်ရပ်ဇာတ်ကြောင်းတွေကို အခြေခံထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာဟာ တင်းမာမှုတွေကို ဆက်လက်ဖြစ်ပေါ် စေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုက်အဝန်းများအကြား လိုအပ်နေတဲ့ လူမှုပေါင်းစည်း နေထိုင်မှု တည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေမှာ စိုးရိမ်မိတယ်”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံလောက်တဲ့ အထောက်အထားရှိရင် တာဝန်ခံမှုရှိစေဖို့ အပြည့်အဝ ကတိကဝတ်ပြုကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကိုလည်း မကြာသေးခင်က ဖွဲ့စည်းပြီးဖြစ်တယ်လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေ ပြန်လာရေး နှစ်နိုင်ငံ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အနေနဲ့ မြန်မာဘက်က အဆင့်သင့်ဖြစ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည်ပို့ဆောင်လာတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

ဒါကြောင့် နှစ်နိုင်ငံ သဘောတူညီချက်တွေကို အကောင်းအထည်ဖော်တဲ့အနေနဲ့ မြန်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ရပ်တွေကို ရှောင်ရှားမှ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013