ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၅ ရက်က နိုင်ငံတောင်ပိုင်း အေဒင်မြို့ရှိ သမ္မတနန်းတော်ဝင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ လုံခြုံရေးဝန်ထမ်း ၂ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရအရာရှိ ၂ ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မားရှစ်ခ် သမ္မတနန်းတော်ဝင်းထဲမှာ ရှိနေခဲ့တဲ့ ယီမင်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ ပြန်ကြားရေးဝန်ကြီး မိုအာမာ အယ်လ် အာရီယာနီက ပြောပါတယ်။
ဟူသီအဖွဲ့ဟာ နန်းတော်ဝင်းကို ဒုံးကျည် ၅ စင်းနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
မျက်မြင်တွေ့ရှိသူတယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ နန်းတော်ဝင်းထဲကနေ မီးခိုးတွေ ထွက်နေတာကို မြင်တွေ့ရပါတယ်။
ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ ဆာဘာသတင်းအေဂျင်စီကတော့ ဒီတိုက်ခိုက်မှုဟာ နန်းတော်ဝင်းအတွင်းရှိ ဆော်ဒီအရာရှိတွေ ကွပ်ကဲနေတဲ့ စစ်ဆင်ရေးဌာနချုပ်နဲ့ လက်နက်ဂိုဒေါင်တွေကို ပစ်မှတ်ထားခဲ့တာလို့ စစ်ဘက်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကား ပြောပါတယ်။ ဒီပြောဆိုချက်အပေါ် ရိုက်တာသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
Source: Reuters











