
တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းသွားတာကြောင့် ဖြစ်ပေါ်လာတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ထိုင်ပေမြို့နဲ့ ထိုင်ဝမ်တောင်ပိုင်း ဒေသတချို့မှာ ဇွန် ၂၅ ရက်က ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဂျပန်နိုင်ငံဘက်ကို ဦးတည်ရွေ့လျားနေတဲ့ မက္ခလာ တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းပေါ်ကို တိုက်ရိုက်ဖြတ်သန်းဝင်ရောက်မှာ မဟုတ်ပေမဲ့ သူ့ရဲ့အပြင်ဘက်က မုန်တိုင်းတိမ်တိုက်တွေကြောင့် ကျွန်းရဲ့ နေရာအတော်များများ၊ အထူးသဖြင့် တောင်ပိုင်းက ကောင်းရှုံနဲ့ ပင်းတုံးတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
မိုးကြီးလို့ ရေဘေးကြုံနေရတဲ့ ဆိုင်ပိုင်ရှင်တယောက်က ကောင်းရှုံမြို့က တောင်တန်းတွေနဲ့နီးတဲ့ ချီရှန်းခရိုင်မှာ ဒေသစံတော်ချိန် မနက် ၄ နာရီလောက်ကတည်းက ရေ စပြီးကြီးခဲ့တာလို့ ပြောပါတယ်။
မိုးစဲသွားတဲ့အချိန်မှာ ရေပြန်ကျသွားပေမဲ့ မိုးပြန်သည်းလာတော့ ရေပြန်တက်လာပြန်တယ်လို့ ဆိုပါတယ်။
ပင်းတုံးမြို့မှာတော့ ရေလျှံနေတဲ့ လမ်းမတွေပေါ် ကားတွေ ဖြတ်မောင်းနေကြရပြီး တချို့မော်တော်ကားတွေ ရေထဲမှာ စက်ပျက်ကာ သောင်တင်နေသလို ရေမြောင်းတွေကလည်း ရေလျှံနေပါတယ်။
ချန်ကျီမြို့နယ် အရာရှိ ဝူလျန်ချင်းကတော့ မိုးက ပုံမှန်ထက်လွန်ကဲပြီး ခဏလေးအတွင်း အများကြီး ရွာချလိုက်တာကြောင့် ရေမြောင်းတွေက ရေကို ကောင်းကောင်း မထုတ်နိုင်တော့ဘဲ လမ်းမတွေပေါ် ရေလျှံကုန်တာလို့ ပြောပါတယ်။
လတ်တလောအချိန်ထိ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် သေဆုံးသူစာရင်း ထွက်ပေါ်လာတာ မရှိသေးပေမဲ့ ထိုင်ဝမ်မှာ လာမဲ့သီတင်းပတ်အထိ မိုးဆက်ရွာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters











