DVB Logo
Home
မြန်မာသတင်း
မတ်ပဲ၊ ပဲစင်းငုံလို ဆုံးရှုံးမှုမဖြစ်ရေး ဖရဲသခွား အားထည့်စိုက်ပျိုးကြရန် တိုက်တွန်း
DVB
·
August 22, 2018
မတ်ပဲ၊ ပဲစင်းငုံလို ဆုံးရှုံးမှုမဖြစ်ရေး ဖရဲသခွား အားထည့်စိုက်ပျိုးကြရန် တိုက်တွန်း
Donate to DVB

မနှစ်က ကြုံတွေ့ခဲ့ရတဲ့ မတ်ပဲ၊ ပဲစင်းငုံ ကိစ္စလို ဆုံးရှုံးမှု မဖြစ်စေရန်အတွက် ဖရဲသခွားကို အားထည့်စိုက်ပျိုးကြဖို့ ဘုတလင်မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်သူတွေကို တိုက်တွန်း ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့မှာ ဩဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ ဌာနဆိုင်ရာတွေနဲ့  ဖရဲသခွားတောင်သူတွေ စုပေါင်းပြီး ရာသီကြို ညှိနှိုင်းအစည်းအဝေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

ဘုတလင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်က "ဖရဲသခွားစိုက်ပျိုးရေးနဲ့ ပတ်သက်လာလို့ရှိရင် မတ်ပဲ၊ ပဲစဉ်းငုံကိစ္စတွေကို နမူနာယူရမှာရှိပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံကြောင့် ဘုတလင်မြို့နယ်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုဒဏ်ခံခဲ့ရပါတယ်။ ကြားထဲမှာ ကျဆင်းတဲ့ စိုက်ပျိုးရေးကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် ဖရဲသခွားလုပ်ငန်းကို အားထည့်ပြီး လုပ်ဖို့ရှိပါတယ်။ ဒီကိစ္စက နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့လည်း သက်ဆိုင်နေတယ်။ မတ်ပဲ၊ ပဲစင်းငုံလိုပဲ ဒီမြို့နယ်မှာ စိုက်ဖို့လုပ်နေတဲ့ ဖရဲ၊ သခွားကလည်း တရုတ်ရဲ့ ဝယ်လက်ကို မှီခိုနေရတယ်" လို့ ပြောပါတယ်။

လက်ရှိမှာ ဘုတလင်မြို့နယ်အတွင်း ဖရဲသခွားစိုက်က ၃၀၀၀ ၀န်းကျင်ရှိပြီး ဒေသရဲ့ အမြင့်ဆုံး ထွက်ကုန်အဖြစ်ရှိနေတာပါ။ မနှစ်က မတ်ပဲနှင့် ပဲစင်းငုံကြောင့် ဒေသရဲ့ GDP ၁၃ ရာခိုင်နှုန်းလောက်ထိ ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

"တောင်သူတွေမှာ မျိုးစေ့အာမခံချက်၊ ဈေးကွက်အာမခံချက်၊ သွင်းအားစုအာမခံချက် စတာတွေနဲ့ပတ်သက်ပြီးတော့လည်း ဆုံးရှုံးမှုတွေရှိနေတယ်"လို့ ဖရဲ၊ သခွားစိုက်တောင်သူ တဦးကလည်း ဆွေးနွေးခဲ့ပါတယ်။

ဖရဲသခွားစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေက လာရောက် မြေကွက်ငှား ရမ်းလုပ်ကိုင်တာတွေလည်းရှိသလို အဲဒီကုမ္ပဏီမှာ နိုင်ငံခြားသားတွေလည်း ပညာရှင်အဖြစ် လာရောက်လုပ်ကိုင်နေတာတွေရှိပါတယ်။

တချို့က တရားဝင် လုပ်ငန်းဗီဇာနဲ့ လာရောက်လုပ်ကိုင်ကြပေမယ့် တချို့ကတော့ တရားမဝင် လာရောက်လုပ်ကိုင်နေ တာတွေလည်းရှိနေပါတယ်။ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ အရင်က အခွန်တွေ မရခဲ့ပေမယ့် ဒီနှစ်ကစပြီး အခွန်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ မြို့နယ်အခွန်ဦးစီးကပြောပါတယ်။

ဖရဲသခွားစိုက်ပျိုးတဲ့ မြေယာတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစတဲ့ ဓာတုဆေးတွေကို အများအပြားသုံးစွဲနေလို့ မြေဆီမြေလွှာ ပျက်စီးမှုတွေလည်း ပိုမိုကြုံတွေ့လာနေရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဒေသခံလွှတ်တော်ကိုယ်စားလှယ်ကတော့ လွှတ်တော်မှာ တင်သွင်းမေးမြန်းမယ်လို့ ပြောပါတယ်။  ဒီနှစ်မှာတော့ ဒေသခံတောင်သူတွေအနေနဲ့ မနှစ်က အရှုံးများခဲ့လို့ စိုက်ပျိုးသူ နည်းလာနိုင်ပြီး ကုမ္ပဏီကတော့ ပိုမိုစိုက်ပျိုးလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လတ်တလောမှာ မြေငှားခဈေးကွက်အနေနဲ့ အရင်နှစ်ကထက်တိုးလာပြီး ဒီနှစ်မှာတော့ ၁ ဧကကို ၅ သိန်းကနေ ၆ သိန်းဝန်းကျင်ထိရှိနေပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013