
ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ဒေသအတော်များများမှာ စစ်အာဏာရှင်တပ်က စစ်မှုထမ်း တပ်သားသစ် လူရရှိတာ နည်းပါးလာလို့ မှောင်ရိပ်ခိုသူတွေကိုပါ ပုဒ်မတပ်ဖမ်းဆီးပြီး ထောင်ကျမခံချင်ရင် စစ်မှုထမ်းရမယ်လို့ဆိုကာ အဓမ္မ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်း ရှောင်တိမ်းဖို့ ထွက်ပြေးတိမ်းရှောင်နေသူတွေ အများအပြားရှိလာတဲ့အချိန် လူစားထိုးဖို့ အခကြေးငွေပေးကာ လူစားထိုး ရှာဖွေဝယ်ယူနေရပြီး မှောင်ရိပ်ခိုသူတွေ အပါအဝင် လမ်းသွားလမ်းလာတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးလာတာလို့ ဒီအကြောင်းသိရှိထားသူတွေက ဆိုကြပါတယ်။
ဘိုကလေးမြို့ခံ တယောက်က “အရင်က အဲဒီလိုရှိတယ်ဆိုပေမဲ့ အခုလောက် မဆိုးဘူး။ ကျနော်တို့နယ်ဘက်က ပိုဆိုးတယ်၊ ရပ်ကွက်ထဲမှာဆို ပိုက်ဆံပေး လူဝယ်တာတောင် မရသလောက် ဖြစ်နေတော့ ညနေစောင်းဆို လှည့်ကင်းကား၊ ပတ်ကင်းကားတွေနဲ့ ပတ်ပြီး ညဘက် မှောင်ရိပ်ခိုသူတွေကို အဓိကထားတာပေါ့၊ မသင်္ကာစရာတွေ့ရင် သူတို့က ပုဒ်မတပ်ပြီး တခါတည်း ဖမ်းတာ။ ထည့်လို့ရတဲ့သူကျတော့ တခါတည်း တပ်ထဲထည့်တာပေါ့။ တချို့တွေကျ ငွေနဲ့လိုက်ရွေးတယ်လေ။ အဓိကက ထောင်မကျချင်ရင် စစ်မှုထမ်း၊ မထမ်းရင် ထောင်ထဲ တန်းထည့်မှာ အဲဒီလိုမျိုး လုပ်တာ”လို့ ပြောပါတယ်။
ရန်ကုန် အပါအဝင် ဧရာဝတီတိုင်းထဲက မော်ကျွန်း၊ ဘိုကလေး၊ ဖျာပုံနဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ဒီလိုအခြေအနေတွေကို ဆိုးဆိုးရွားရွားရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို အခြေအနေတွေကြောင့် လူငယ်လူရွယ်တွေဟာ လမ်းပေါ်ထွက်သွားလာရမှာကိုပင် စိုးရိမ် ထိတ်လန့်နေကြရပြီး လမ်းသွားရင်း မသင်္ကာစရာ အခြေအနေရှိတဲ့ လူတစုနဲ့ လှည့်ကင်းကားတွေကို တွေ့ရင် ရှောင်တိမ်းသွားလာနေရတယ်လို့ ဆိုကြပါတယ်။
ရန်ကုန်မြို့နေ အသက် ၁၉ နှစ်အရွယ် လူငယ်တယောက်က “ကျနော်က ၁၂ တန်း ကျူရှင်တတ်နေတာ၊ လှည်းတန်းမှတ်တိုင်မှာ ကားစောင့်နေတာ၊ ၆ နာရီဝန်းကျင်လောက် ဖြစ်မယ်၊ မျက်နှာချင်းဆိုင်လမ်းမှာ လှည့်ကင်းကား ရပ်ထားတာ တွေ့တယ်။ ကျနော့်ကို သေချာစိုက်ကြည့်နေတာ မြင်နေရတယ်။ ၅ မိနစ်လောက်ကြာတော့ ကျနော် ကြောက်လာတယ်၊ တွေ့ရာ တက္ကစီတားပြီး ဈေးတောင်မဆစ်ဘူး တန်းမောင်းခိုင်းရတာ” လို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ စစ်မှုထမ်း အပတ်စဉ်က ၂၈ ထိ ရောက်ရှိလာပြီး တိုက်ပွဲတွေကြောင့် စစ်အင်အား အမြောက်အမြား ဆုံးရှုံးချိန် အလျင်အမြန်လူအင်အား ထပ်တိုးရရှိဖို့ ရတဲ့နည်းတွေ အသုံးပြုပြီး လူသစ်စုဆောင်းနေတာလို့ စစ်ရေးစောင့်ကြည့်သူတွေကလည်း မှတ်ချက်ပေးပါတယ်။
စစ်အာဏာရှင်အစိုးရကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တနှစ်ကို လူဦးရေ ၅၀,၀၀၀ လောက်ကို ခေါ်ယူဖို့ သတ်မှတ်ထားပြီး လက်ရှိမှာသင်တန်းအပတ်စဉ်အလိုက် စုစုပေါင်း လူငယ် သိန်းနဲ့ချီ စုဆောင်းထားပါတယ်။










