သက်ရှိတွေရဲ့ အခြေခံမော်လီကျူးတွေမှာ ပုံစံနှစ်မျိုးရှိပေမဲ့ ဘာကြောင့်ပုံစံတမျိုးတည်းကိုပဲ ရွေးချယ်အသုံးပြုသလဲဆိုတဲ့ “ဘဝအချိုးမညီမှုရဲ့ လျှို့ဝှက်ချက်”ကို ဖြေရှင်းရာမှာ အရေးပါတဲ့ တွေ့ရှိမှုတွေအတွက် ပြင်သစ်သိပ္ပံပညာရှင် ဟန်နရီ ဘီကာဂန်နဲ့ ဂျပန်သိပ္ပံပညာရှင် ကန်ဆို ဆိုအအိ တို့ကို ၂၀၂၆ ခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ကြောင်း အောက်တိုဘာ ၇ ရက်မှာ ကြေညာပါတယ်။
ဒီလျှို့ဝှက်ချက်ကို နားလည်ဖို့ ကိုယ့်ရဲ့ ဘယ်လက်နဲ့ ညာလက်ကို ဥပမာပေးနိုင်ပါတယ်။ လက်နှစ်ဖက်က ပုံစံချင်းဆင်တူပေမဲ့ တထပ်တည်း မကျသလို အလွန်သေးငယ်တဲ့ မော်လီကျူး တချို့မှာလည်း အဲဒီလို ပုံစံနှစ်မျိုး ရှိပါတယ်။
ဒါပေမဲ့ လူ့ခန္ဓာကိုယ်ရဲ့ ပရိုတင်းတွေကို ဖွဲ့စည်းတဲ့ အမိုင်နိုအက်ဆစ်တွေမှာတော့ အဲဒီပုံစံနှစ်မျိုးထဲက တမျိုးတည်းကိုပဲ အသုံးပြုပါတယ်။
ဓာတ်ခွဲခန်းမှာတော့ ဒီလိုမော်လီကျူးတွေကို ဖန်တီးတဲ့အခါ ပုံစံနှစ်မျိုးစလုံး အရေအတွက်တူတူ ထွက်လာလေ့ရှိတာကြောင့် သက်ရှိတွေက ဘာကြောင့် တမျိုးတည်းကို အသုံးပြုသလဲဆိုတာ သိပ္ပံပညာရှင်တွေအတွက် ပဟေဠိ ဖြစ်နေခဲ့ပါတယ်။
ဒီကွာခြားချက်ဟာ ဆေးဝါးထုတ်လုပ်ရာမှာလည်း အရေးကြီးပြီး မော်လီကျူးပုံစံတမျိုးက ရောဂါကုသနိုင်ပေမဲ့ နောက်တမျိုးက အာနိသင်မရှိတာ၊ အန္တရာယ်ဖြစ်စေတာတွေ ရှိနိုင်ပါတယ်။
ဥပမာ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကိုယ်ဝန်ဆောင်တွေကို ပေးခဲ့တဲ့ သာလီဒိုမိုက်ဆေးကြောင့် ကလေးထောင်နဲ့ချီ ပြင်းထန်တဲ့ မွေးရာပါချို့ယွင်းမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။
ကာဂန်က ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လိုချင်တဲ့ မော်လီကျူးပုံစံတမျိုး ပိုများများထွက်လာအောင် ဓာတုတုံ့ပြန်မှုကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဆိုအအိ ကလည်း ၁၉၉၅ ခုနှစ်မှာ ဒီသုတေသနကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ လိုချင်တဲ့ မော်လီကျူးပုံစံတမျိုးတည်း ထွက်လာအောင် စမ်းသပ် အောင်မြင်ခဲ့ပါတယ်။
နိုဘယ်လ် ဓာတုဗေဒကော်မတီဥက္ကဋ္ဌ ဟိုင်နာ လင်ကေက “သူတို့ဖန်တီးခဲ့တဲ့ ဓာတုတုံ့ပြန်မှုတွေက တကယ့်ကို အံ့မခန်းပါပဲ” လို့ ချီးကျူးခဲ့ပြီး နိုဘယ်လ်ဆုရရှိခဲ့တဲ့ ဆိုအအိ ကလည်း “ဒါဟာ ကျနော့်ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနေ့တွေထဲက တနေ့ပါ” လို့ ပြောခဲ့ပါတယ်။











