
သိပ္ပံပညာရှင်တွေဖြစ်တဲ့ ဆူဆူမုကီတာဂါဝါ၊ ရစ်ချတ်ရော့ဘ်ဆန်နဲ့ အိုမာယာဂီတို့ဟာ ၂၀၂၅ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို အောက်တိုဘာ ၈ ရက်မှာ ပူးတွဲ ဆွတ်ခူးရရှိခဲ့ပါတယ်။
သူတို့ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ရေချိုရှားပါးမှုလို ကမ္ဘာ့စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်တဲ့ မော်လီကျူးဗိသုကာပုံစံသစ်ကို ဖန်တီးခဲ့တဲ့အတွက် အခုလို ဆုချီးမြှင့်ခံရတာပါ။
ဆုရှင် ၃ ယောက်ဟာ သတ္တု-အော်ဂဲနစ်ဘောင်တွေ (metal-organic frameworks) ဒါမှမဟုတ် MOFs လို့ခေါ်တဲ့ မော်လီကျူးတည်ဆောက်ပုံတွေကို ဖန်တီးခဲ့ကြတာပါ။
ဒီ MOFs တွေကို သဲကန္တာရလေထုထဲကနေ ရေစုပ်ယူဖို့၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖမ်းယူဖို့ ဒါမှမဟုတ် အဆိပ်ဓာတ်ငွေ့တွေ သိုလှောင်ဖို့အတွက် အသုံးချနိုင်ပါတယ်။
တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီရဲ့ အဆိုအရ ဒီပစ္စည်းတချို့ဟာ အလွန်ကျယ်ပြန့်တဲ့ မျက်နှာပြင်ဧရိယာ ရှိပါတယ်။ ဥပမာအားဖြင့် သကြားတုံးငယ်လေးအရွယ် ပစ္စည်းတခုမှာ ဘောလုံးကွင်းကြီး တကွင်းစာလောက် မျက်နှာပြင်ဧရိယာ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
ရာစုနှစ်တခုကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီနိုဘယ်လ်ဆုကို တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ချီးမြှင့်တာဖြစ်ပြီး ဆုရှင်တွေဟာ ဆွီဒင်ခရိုနာ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း) နဲ့အတူ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးမားဆုံး သိပ္ပံဆုရှင်များအဖြစ် ကျော်ကြားမှုကိုပါ မျှဝေရရှိမှာ ဖြစ်ပါတယ်။
ကီတာဂါဝါက နိုဘယ်လ်ဆုရတဲ့အတွက် အလွန်ဂုဏ်ယူမိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓာတုဗေဒပညာရှင်တွေဟာ MOFs ပုံစံအမျိုးမျိုး သောင်းနဲ့ချီပြီး တီထွင်နိုင်ခဲ့ရာမှာ တချို့ဟာ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အထောက်အကူပြုနိုင်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ရေထဲကနေ အဆိပ်ရှိတဲ့ PFAS ဒါမှမဟုတ် ‘ထာဝရဓာတုပစ္စည်း’ တွေကို ဖယ်ရှားရာမှာနဲ့ ပတ်ဝန်းကျင်ထဲက ဆေးဝါးအကြွင်းအကျန်တွေကို ဖြိုခွဲရာမှာလည်း အသုံးဝင်နိုင်တယ်လို့ အကယ်ဒမီက ဆိုပါတယ်။
ကီတာဂါဝါဟာ ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က ပါမောက္ခဖြစ်ပြီး ရော့ဘ်ဆန်ကတော့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်က ပါမောက္ခဖြစ်ပါတယ်။ ယာဂီကတော့ အမေရိကန်ပြည်ထောင်စု၊ ဘာကလေမြို့က ကယ်လီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခတယောက် ဖြစ်ပါတယ်။
Source: Reuters










