DVB Logo
Home
မြန်မာသတင်း
ထိုင်းရထားလမ်းဘေးအနီး မြန်မာ ၁ ဦး ဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိ
DVB
·
May 21, 2026
Photo: Khaosod 
Photo: Khaosod 
Donate to DVB

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်ရက်ချာဆီမာခရိုင်ထဲက ဂျီရာရထားဘူတာရုံအနီး ရထားလမ်းဘေးမှာ မြန်မာနိုင်ငံသားတယောက် ဓားထိုးခံရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ အဆိုကို ကိုးကားပြီး Khaosod English သတင်းမှာ  ဖော်ပြပါတယ်။

ဂျီရာလမ်းပေါ်က ရထားလမ်းအနီးမှာ ဓားထိုးမှုဖြစ်ပွားကြောင်း မေ ၂၀ ရက် ညနေမှာ သတင်းရရှိခဲ့တယ်လို့ နခွန်ရက်ချာဆီမာ ရဲတပ်ဖွဲ့က ပြောပါတယ်။

စခန်းမှူး ရဲမှူးကြီး ဆီရိချိုင်ပန်ညာ ဦးဆောင်တဲ့ ရဲအရာရှိတွေဟာ ကယ်ဆယ်ရေးသမားတွေနဲ့အတူ အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိသွားတဲ့အခါ မြေပြင်ပေါ်မှာ အိတ်တလုံးကို ပွေ့ပိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ အမျိုးသားတယောက်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓားထိုးခံရသူဟာ အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုအောင်ကျော်စိုး ဖြစ်ပြီး သူ့ရဲ့ ညာဘက်ရင်အုံမှာ ပြင်းထန်တဲ့ ဓားထိုးဒဏ်ရာရရှိထားတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနောက် ကယ်ဆယ်ရေးသမားတွေဟာ သူ့ကို ရှေးဦးသူနာပြုစုခြင်းတွေ ပြုလုပ်ပေးခဲ့ပြီးနောက် ကုသမှုခံယူနိုင်ဖို့ မဟာရာဇ် နခွန်ရက်ချာဆီမာ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ အဝတ်အစားတွေနဲ့ အရက်ပုလင်းတွေကို တွေ့ရှိခဲ့ရပေမဲ့ ဓား၊ ဒါမှမဟုတ် သံသယဖြစ်ဖွယ် တရားခံကိုတော့ မတွေ့ရှိခဲ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

စုံစမ်းစစ်ဆေးသူတွေကတော့ ဓားနဲ့ထိုးတဲ့သူဟာ အဝေးကြီးကို ထွက်ပြေးလွတ် မြောက်သွားတာမျိုး မဟုတ်ဘဲ အနီးအနားမှာပဲ ရှိနေနိုင်တယ်လို့ ယူဆထားပြီး တရားခံကို လိုက်လံရှာဖွေနေပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ အဲဒီနေရာဟာ တရားမဝင် အမှိုက်စွန့်ပစ်တဲ့ နေရာဖြစ်ပြီး စွန့်ပစ်ထားတဲ့ ဆိုဖာဟောင်းတွေနဲ့ တခြားပစ္စည်းတွေ ရှိနေတာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေ လာရောက်ခိုလှုံလေ့ရှိတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်ကတော့ အမှိုက်ပုံအနီး ဆိုဖာဟောင်းတခုနားကနေ အကူအညီတောင်းပြီး အော်ဟစ်သံတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် လမ်းကိုဖြတ်ပြီး သွားရောက်ကြည့်ရှုတဲ့အခါ ဒဏ်ရာရရှိထားတဲ့ အမျိုးသားကို မြေပြင်ပေါ်မှာ တွေ့ခဲ့ရတာမို့ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေဆီကို ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမျက်မြင်သက်သေက သူတို့အနေနဲ့ ဓားနဲ့ထိုးတဲ့ တရားခံကိုတော့ မမြင်တွေ့ခဲ့ရဘဲ အခင်းဖြစ်ပွားတဲ့ နေရာမှာ ဒဏ်ရာရနေတဲ့လူကိုပဲ တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

Source: Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013