
နယူးယောက်မြို့၊ တိုင်းမ်စကွဲနေရာမှာ ဓားတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတယောက်ဟာ လမ်းသွားလမ်းလာတွေကို ဓားနဲ့လိုက်ထိုးခဲ့တာကြောင့် သူ့ကို ရဲတွေက လျှပ်စစ်လက်နက်နဲ့ သေနတ်တွေပါသုံးပြီး ပစ်ခတ်တားဆီးခဲ့ရတယ်လို့ နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီက သြဂုတ် ၃၁ ရက်မှာ ပြောပါတယ်။
ဓားထိုးခံရသူ ၂ ယောက်လုံးကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက လူနာတင်ယာဉ်တွေနဲ့ ဘဲလ်ဗျူး ဆေးရုံကို ချက်ချင်း ပို့ပေးခဲ့ပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ဘေးလူတွေ စုပြုံကြည့်နေကြချိန်မှာပဲ ရဲတွေက ကြိုးဝိုင်းတားပြီး နေရာတခုလုံးကို ပိတ်ဆို့ စစ်ဆေးခဲ့သလို တိုက်ခိုက်သူဆီက ဓားတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
“ဓားထိုးခံရသူတွေထဲက တယောက်နဲ့ ပြစ်မှုကျူးလွန်သူ အမျိုးသမီးတို့ သေဆုံးသွားပြီ” လို့ မြို့တော်ဝန် မမ်ဒါနီက ပြောပါတယ်။
ဓားထိုးခံရသူတွေထဲက ညာဘက်ဝမ်းဗိုက် ထိုးခံရတဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသားက စိုးရိမ်စရာမရှိပေမဲ့ ဝမ်းဗိုက်ထိုးခံရတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးကတော့ ဆေးရုံမှာပဲ သေဆုံးသွားတာပါ။ သေဆုံးသူတွေရဲ့ နာမည်ကိုတော့ မိသားစုဆီ အကြောင်းမကြားရသေးလို့ ထုတ်မပြောသေးပါဘူး။
ဒီတိုက်ခိုက်မှုဟာ ရန်ငြိုးမရှိဘဲ ရမ်းသန်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အဲဒီအမျိုးသမီးက ဓားတွေကို ယမ်းပြီး ရဲတွေဆီ ရှေ့တိုးလာတာကြောင့် လျှပ်စစ်လက်နက်နဲ့ ပစ်တာ မထိရောက်တဲ့နောက်မှာ ရဲအရာရှိ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာလို့ NYPD ရဲကော်မရှင်နာ ဂျက်စီကာ တစ်ရှ် ပြောပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ကွင်းစ်မြို့က အသက် ၄၉ နှစ်အရွယ် ပလမ်မီလာ စစ်စနဲရော့စ် ဖြစ်ပြီး ဆေးရုံရောက်မှ သေဆုံးသွားခဲ့တာပါ။
သူ့မှာ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက စိတ်ကျန်းမာရေးပြဿနာ ရှိခဲ့ဖူးပေမဲ့ ဖမ်းဆီးခံရဖူးတဲ့ မှတ်တမ်းတော့ မရှိပါဘူး။
ဒီဖြစ်စဉ်ကို စောင့်ကြည့်ကင်မရာရော၊ ရဲတွေရဲ့ ခန္ဓာကိုယ်တပ် ဘော်ဒီကင်မရာမှာပါ ရိုက်ကူးမိခဲ့ပြီး အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးရင် အများပြည်သူကို ဗီဒီယို ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို၊ ဒါဟာ အကြမ်းဖက်မှု မဟုတ်ဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။











