
အင်ဒိုနီးရှား အာဏာပိုင်တွေဟာ အခုအပတ်အစောပိုင်းက ဆူမားတြားမြောက်ပိုင်းရေပြင်မှာ မလေးရှားနိုင်ငံမှ ထွက်ခွာလာပြီး မွန်ဂိုလီးယားနိုင်ငံအလံ တပ်ဆင်ထားတဲ့ သင်္ဘောတစင်းပေါ်ကနေ ကီတာမင်း မူးယစ်ဆေး ၁ ဒသမ ၁၆ တန် (၁,၁၆၀ ကီလိုဂရမ်) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ စူယိုဒီ အာရီယိုဆီတိုက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။
အင်ဒိုနီးရှား ဥပဒေစိုးမိုးရေး အေဂျင်စီအများအပြား ပူးပေါင်းပါဝင်တဲ့ လျှို့ဝှက် စစ်ဆင်ရေးတခု အတွင်း မလက္ကာရေလက်ကြားမှာ ကြားဖြတ်တားဆီးခဲ့တဲ့ MT Global 168 ရေနံတင်သင်္ဘောပေါ် ရှိ အိတ်ပေါင်း ၅၈ အိတ်ထဲမှာ အဲဒီမူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့တာပါ။
မလက္ကာ ရေလက်ကြားအတွင်း ပုံမှန်မဟုတ်ဘဲ သွားလာလှုပ်ရှားနေတဲ့ အဲဒီသင်္ဘောကို တွေ့ရပြီး နောက် အာဏာပိုင်တွေက သင်္ဘောအပေါ် မသင်္ကာဖြစ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ဈေးကွက်ပေါက်ဈေးအရ ရူပီး ၃ ဒသမ ၄၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၆၄ သန်း) တန်ဖိုးရှိတယ်လို့ စူယိုဒီက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ သင်္ဘောကပ္ပတိန်၊ အင်ဂျင်နီယာတွေနဲ့ စက်ခန်းဝန်ထမ်းတယောက် အပါအဝင် လူ ၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံသား ၇ ယောက်နဲ့ ထိုင်ဝမ်နိုင်ငံသား ၁ ယောက် ဖြစ်ပါတယ်။
သံသယရှိသူတွေရဲ့ လုပ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်တယ်လို့ လည်း ပြောပါတယ်။
Source: Reuters











