
မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေဆီကနေ အင်ဒိုနီးရှားအနေနဲ့ အခွန်ကောက်ခံမယ်လို့ သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက ငြင်းဆန်လိုက်ပါတယ်။
ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ပဋိညာဉ်စာချုပ် (UNCLOS) အပါအဝင် နိုင်ငံတကာ ဥပဒေ တွေကို အင်ဒိုနီးရှားဘက်က လေးစားလိုက်နာမှု ရှိတဲ့အလျောက် ဒါဟာ မလျော်ညီတဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားလိုမျိုး မလက္ကာက သင်္ဘောတွေကို ဖြတ်သန်းခ ကောက်ခံဖို့ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ပူဘာယာအနေနဲ့ အဆိုပြုခဲ့ပြီးနောက် တရက်အကြာ ဧပြီ ၂၃ ရက်မှာ ဆူဂီယိုနိုရဲ့ ငြင်းဆိုချက် ထွက်ပေါ်တာတာပါ။
ဒါဟာ ပါရှန်းပင်လယ်ကွေ့နဲ့ အိန္ဒိယသမုဒ္ဒရာကြား ဆက်သွယ်ပေးထားရာ ဟော်မုဇ် ရေလက်ကြား မှာ အဖိုးအခ ကောက်ယူနေတဲ့ အီရန်ရဲ့ ပုံစံကိုကြည့်ပြီး အကြံဉာဏ်ရလာတာ ဖြစ်တယ်လို့ ပူဘာယာက ပြောသွားပါတယ်။
ဒါ့အပြင် ကမ္ဘာ့စီးပွားရေးစင်မြင့်ထက်မှာ “အခရာကျသူအဖြစ်” ရပ်တည်ရမယ်ဆိုတဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ ညွှန်ကြားချက်နဲ့ပါ ကိုက်ညီတယ်ဆိုပြီး ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကတော့ မလက္ကာနဲ့ ပတ်သက်တဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးကိုမဆို ရေကြောင်းလုံခြုံရေးအရ တဖက်သတ်ချမှတ်လို့ မရကြောင်း တုံ့ပြန် ထားပါတယ်။
အဲဒီနောက် မလက္ကာနဲ့ ထိစပ်နေတဲ့ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ကြားမှာ “အလွန်ခိုင်မာတဲ့နားလည်မှု” (Watertight Understanding) ရှိထားသလို ရေလက်ကြားတလျှောက် သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းသွားနိုင်ဖို့အတွက် ပူးတွဲကင်းလှည့်တာမျိုး ရှိတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
အလားတူ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဘာလာခရစ်ရှ်နန်က “ကျနော်တို့ဆီမှာ ဖြတ်သန်းခ ကောက်ခံတာမျိုး မရှိပါဘူး။ အားလုံးဟာ ကုန်သွယ်မှုအပေါ် စီးပွားရေးအရ မှီခိုနေရတဲ့ နိုင်ငံတွေပါ။ ဒီရေလက်ကြား ဆက်ဖွင့်ထားရေးဟာ အားလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်တယ်ဆိုတာ သိထားကြပါတယ်” ဆိုပြီး မှတ်ချက်ပေးပါတယ်။
မလက္ကာ ဆိုတာဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးနဲ့ သွားလာမှုအများဆုံး ရေကြောင်းလမ်းတွေထဲ က တခုဖြစ်တဲ့အပြင် ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့ ၂၂ ရာခိုင်နှုန်းလောက်ကိုပါ ပေါင်းကူးပေး နေတာ ဖြစ်ပါတယ်။
Source:Reuters










