
အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အီရန်ရဲ့ “တဆင့်ခံ ကိုယ်စားပြုကွန်ရက်တွေ” ဆီ သွားနေတဲ့ ဘဏ္ဍာရေးပံ့ပိုးမှုတွေကို ပစ်မှတ်ထားပြီး အီရန်နဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို နာမည်ပျက် စာရင်းသွင်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ လုပ်ဆောင်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အီရန်ကို စီးပွားရေးအရ ဝိုင်းပယ်ပိတ်ဆို့ဖို့ ဆက်တိုက်ဆောင်ရွက်နေတဲ့ စီမံချက်ရဲ့ အစိတ်အပိုင်းတခု လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်တွေ အပါအဝင် အီရန်ရဲ့ “လက်ဝေခံ အဖွဲ့အစည်းတွေ” ကို ကူညီပံ့ပိုးပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်း အသီးသီးကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ တရားဝင် ထည့်သွင်းလိုက်တာပါ။
အီရန်အပေါ် ဖိအားပိုပေးနိုင်ဖို့ စီးပွားရေးအရ ဝိုင်းပယ်ပိတ်ဆို့မဲ့ ဒဏ်ခတ်မှုအသစ်တွေကို အမေရိကန်က စတင်လုပ်ဆောင်နေပြီလို့ ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်က သြဂုတ် ၂၄ ရက်ကတည်းက ပြောကြားခဲ့ပါတယ်။
Source: Reuters











