
ကချင်ပြည်နယ်က ရေကြီးရေလျှံနေတဲ့ ဖားကန့် ကျောက်စိမ်းဒေသမှာ ရေစီးနဲ့မျောပါလာတဲ့ တနှစ်သား ကလေးအလောင်းကို ဒီနေ့ ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက ငှက်ပျောတောရပ်ကွက်မှာ တွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသမှာ မိုးရေချိန်များပြီး ရေကြီးရေလျှံတာ မြေပြိုတာတွေ ဖြစ်နေချိန် ရေစီးနဲ့မျောပါလာတဲ့ တနှစ်အရွယ် ကလေးအလောင်းကို ဒေသခံတွေက တွေ့ရှိပြီးနောက် ကွန်းဖောင်ဒေးရှင်းက လာရောက်ယူဆောင်သွားပြီလို့ သိရပါတယ်။
ဖားကန့်ဒေသခံတယောက်က “ရေစီးနဲ့မျောပါလာတာ ဆုံးနေပါပြီ။ ကလေးက ဘယ်ကနေ မျောပါလာတယ် ဆိုတာကိုတော့ မသိရဘူး။ ကလေးကိုတော့ ကွန်းဖောင်ဒေးရှင်းက လာယူသွားပါပြီ။ လက်ရှိ ရေက ကျတာနှေးနေတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီကလေးရဲ့ မိဘတွေ သိရှိစေဖို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေရှာဖွေနေကြပြီး အခုအချိန်ထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
ဥရုချောင်းရေဟာ ဇူလိုင် ၁၈ ရက် ညနေပိုင်းကစလို့ ရေလျှံပြီး ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ရေဝင်လာတာကြောင့် တထပ်တိုက်နေအိမ်တွေ နစ်မြုပ်တာ၊ မိုးများပြီး မြေပြိုကျတာ၊ ချောင်းနဲ့ တံတားကျိုးတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာလည်း မရှီကထောင်၊ အေးမြသာယာ၊ မှော်ဝမ်း၊ ငှက်ပျောတောနဲ့ မြို့မရပ်ကွက်၊ ကျေးရွာတွေ ရေနစ်မြှုပ်နေဆဲဖြစ်သလို ဖားကန့်နဲ့ ဆိုင်းတောင်သွားတဲ့လမ်းလည်း သွားလာလို့ မရသေးတာကြောင့် စက်လှေနဲ့ ကူးပေးနေရတယ်လို့ ဆိုပါတယ်။
အဲဒီလို ရေကြီးရေလျှံရတာဟာ ဒီနှစ် ဖားကန့်ဒေသက ဥရုချောင်း ရှင်းလင်းရေး မလုပ်နိုင်တာကြောင့် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကထက် ရေကြီးတဲ့ဒဏ်ကို ပိုခံနေရတယ်လို့ သိရပါတယ်။











