
မြောက်အိုင်ယာလန်နိုင်ငံ ဘဲလ်ဖတ်စ်မြို့မှာ အမျိုးသားတယောက် ဓားထိုးခံရလို့ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပြီးနောက် ဇွန် ၉ ရက်မှာ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်သူ ရာပေါင်းများစွာ ဟာ ဘဲလ်ဖတ်စ်မြို့ လမ်းမတွေပေါ် ထွက်ပေါ်လာပြီး ပြင်းပြင်းထန်ထန် ဆန္ဒပြ ခဲ့ကြပါတယ်။
ဆန္ဒပြပွဲအတွင်း အခြေအနေတွေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး မျက်နှာဖုံးစွပ် လူငယ်အုပ်စုတွေက မြို့ပတ်ဘတ်စ်ကားတစီးအပါအဝင် မော်တော်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဒါ့အပြင် လမ်းမတွေပေါ်မှာလည်း မီးရှို့ထားတဲ့ အတားအဆီးတွေနဲ့ လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။
မီးရှို့ခံရတဲ့ မော်တော်ကားတွေဟာ မီးတောက်တွေကြားထဲ နစ်မြုပ်သွားခဲ့ပြီး ကောင်းကင်ယံအထိ မီးခိုးလုံးကြီးတွေ တက်လာခဲ့တာကြောင့် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ လူနာတင်ကား အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး ပူးပေါင်းငြှိမ်းသတ် ကယ်ဆယ် ခဲ့ရပါတယ်။
ဒီလို ဆူပူဆန္ဒပြမှုတွေ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကတော့ ဘဲလ်ဖတ်စ်မြို့မှာ ဇွန် ၈ ရက် ည ၁၀ နာရီခွဲလောက်က ရက်စက်ကြမ်းကြုတ်တဲ့ ဓားထိုးမှုတခုကြောင့် ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ဆူဒန်အမျိုးသားတယောက်က အသက် ၄၀ ကျော်အရွယ် အမျိုးသား တယောက်ကို အိမ်သုံးဓားနဲ့ လိုက်လံထိုးခုတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူဟာ လည်ပင်း၊ ဦးခေါင်း၊ မျက်နှာ၊ ကျောကုန်းနဲ့ မျက်လုံးတွေမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိကာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ထားရပါတယ်။
ဒီဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ မရောက်ရှိလာခင်မှာဘဲ လမ်းသွားလမ်းလာ ပြည်သူအနည်းဆုံး ၃ ယောက်က ဓားသမားကို ဝိုင်းဝန်းတားဆီးဖို့ ကြိုးပမ်းခဲ့ကြပြီး အဲဒီနောက် ရဲတပ်ဖွဲ့က တရားခံ ဆူဒန်အမျိုးသားကို လူသတ်ဖို့ အားထုတ်မှု သံသယနဲ့ ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။
ဓားထိုးမှု ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ကိုယ်တိုင်က ဒီဖြစ်ရပ်ကို “တုန်လှုပ်ချောက်ချားဖွယ်ရာ” ဖြစ်ရပ်အဖြစ် ပြင်းပြင်း ထန်ထန် ရှုတ်ချ ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ ဒီဓားထိုးမှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ် ထားခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဆန္ဒပြဖို့ လှုံ့ဆော်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့က မြို့တွင်းလုံခြုံရေး ကင်းလှည့်မှုတွေကို တိုးမြှင့်ထားပြီး လွန်ခဲ့တဲ့နှစ် တွေက ဖြစ်ပွားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး ဆူပူမှုမျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ မေတ္တာရပ်ခံ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗြိတိန်မှာ ကျောင်းသား တယောက် အသတ်ခံရမှုကြောင့် လူထု ဒေါသထွက် နေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့်လည်း တင်းမာမှုတွေ မြင့်တက်လာရတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်မှာ ဆစ်ခ်လူမျိုးတယောက်က သူဟာ လူမျိုးရေးခွဲခြား တိုက်ခိုက်ခံရပါတယ်လို့ မဟုတ်မမှန် စွပ်စွဲပြောဆိုပြီး ကျောင်းသားတယောက်ကို ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။
ဓားဒဏ်ရာနဲ့ သေလုမြောပါး ဖြစ်နေတဲ့ ကျောင်းသားကို ရဲတပ်ဖွဲ့က လက်ထိတ်ခတ်ထားခဲ့တဲ့ အတွက် အများပြည်သူအကြား ဝေဖန်မှုတွေ ပြင်းထန်နေခဲ့တာပါ။
ဒါ့အပြင် ဗြိတိန်ရဲ့ ဒုက္ခသည်လက်ခံမှု မူဝါဒတွေဟာ အန္တရာယ်ရှိတဲ့လူတွေကို နိုင်ငံထဲ ပေးဝင် နေတယ်ဆိုပြီး လူထုအခြေပြုပါတီတွေက အစဉ်တစိုက် ဝေဖန်နေကြသလို ပြီးခဲ့တဲ့နှစ်ကလည်း မြောက်အိုင်ယာလန်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတခု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အလားတူ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters










